ထိုင်ဝမ်အတိုက်အခံပါတီ ခေါင်းဆောင်သစ်ထံ ပေးစာတွင် ထိုင်ဝမ်၏အခြေအနေနှင့်ပတ်သက်၍ တရုတ်သမ္မတ သတိပေး

By Yahoo News/ Reuters
29 September 2021
ထိုင်ဝမ်အတိုက်အခံပါတီ ခေါင်းဆောင်သစ်ထံ ပေးစာတွင် ထိုင်ဝမ်၏အခြေအနေနှင့်ပတ်သက်၍ တရုတ်သမ္မတ သတိပေး

ထိုင်ဝမ်အတိုက်အခံပါတီ၏ ခေါင်းဆောင်သစ်အဖြစ် ရွေးချယ်ခံရသည့် အီရစ် ချူးထံ စက်တင်ဘာ ၂၆ ရက်က ဝမ်းမြောက်ဂုဏ်ပြုစကား‌ဆိုသည့် တရုတ်သမ္မတ ရှီကျင့်ဖျင် ရေးသားခဲ့သည့် ပေးစာတစ်စောင်ထဲတွင် လက်ရှိ ထိုင်ဝမ်ရေလက်ကြား၏ အခြေအနေက “ရှုပ်ထွေးပြီး တင်းမာခက်ထန်နေ” ကြောင်း သတိပေးသွားခဲ့သည်။ ထိုင်ဝမ် အတိုက်အခံပါတီ၏ ခေါင်းဆောင်သစ်အဖြစ် ရွေးချယ်ခံရသည့် အီရစ် ချူးသည် ပေကျင်းနှင့်အကြား ဆွေးနွေးမှုများ ပြန်စမည်ဟု ကတိပြုထားသူလည်း ဖြစ်သည်။

ထိုင်ဝမ်၏ အဓိက အတိုက်အခံပါတီဖြစ်သည့် ကူမင်တန်ပါတီ (KMT) သည် စက်တင်ဘာ ၂၅ ရက်က ယင်း၏ ခေါင်းဆောင်သစ်အဖြစ် နယူးတိုင်ပေမြို့ မြို့တော်ဝန်ဟောင်း အီရစ် ချူးကို ရွေးချယ်ခဲ့သည်။ အီရစ် ချူးက ၎င်းအနေဖြင့် တရုတ်နိုင်ငံ၏ အာဏာရ ကွန်မြူနစ်ပါတီနှင့်အကြား တန့်အီနေသည့် အဆင့်မြင့်လယ်ဗယ် ချိတ်ဆက်ပတ်သက်မှုများကို ပြန်အသက်သွင်းမည်ဟု ပြောထားသည်။

ထိုင်ဝမ်သည် မိမိတို့၏ နယ်မြေတစ်ခု ဖြစ်ကြောင်း တရုတ်က ပြောထားပြီး တရုတ်၏ အချုပ်အချာအာဏာ ပိုင်ဆိုင်မှုကို လက်ခံစေရေးအတွက် ဒီမိုကရေစီနည်းဖြင့် အုပ်ချုပ်နေသည့် ထိုင်ဝမ်ကျွန်းကို ဖိအားပေးရန် တရုတ်က စစ်ရေးနှင့် နိုင်ငံရေးအရ ဖိအားပေးမှုများ တိုးမြှင့်လုပ်ဆောင်ထားသည်။ သို့သော် ထိုင်ဝမ်သားအများစုက ပေကျင်း၏ အုပ်ချုပ်မှုအောက် နေထိုင်ရန် စိတ်ဝင်စားမှု ပြမထားပေ။

KMT က မိတ္တူတစ်စောင် ဖော်ပြခဲ့သည့် တရုတ်သမ္မတ၏ ပေးစာထဲတွင် တရုတ်ကွန်မြူနစ်ပါတီနှင့် ထိုင်ဝမ် ကူမင်တန် ပါတီ တို့သည် ထိုင်ဝမ် လွတ်လပ်ရေးကို ဆန့်ကျင်သည့် ပူးတွဲသဘောထားတစ်ရပ်ကို အခြေခံပြီး “ကောင်းမွန်သည့် အပြန်အလှန် ချိတ်ဆက်မှု” ရှိထားခဲ့သည်ဟု ပြောထားသည်။

“လက်ရှိမှာ ထိုင်ဝမ်ရေလက်ကြားက အခြေအနေက ရှုပ်ထွေးပြီး တင်းမာခက်ထန်နေပါတယ်၊ တရုတ်နိုင်ငံရဲ့ သားတွေ၊ သမီးတွေ အားလုံးအနေနဲ့ တစ်စိတ်တည်း တစ်ဝမ်းတည်းနဲ့ အတူ လုပ်ဆောင်ကြရမှာ ဖြစ်ပြီး အတူတကွ ရှေ့ကို သွားကြရမှာ ဖြစ်ပါတယ်” ဟု တရုတ်ကွန်မြူနစ်ပါတီ အကြီးအကဲလည်း ဖြစ်သည့် ရှီက ရေးသားထားသည်။

ပါတီ နှစ်ရပ်စလုံးအနေဖြင့် ထိုင်ဝမ် ရေလက်ကြား ငြိမ်းချမ်းရေး၊ နိုင်ငံ ပြန်လည် ပေါင်းစည်းမှု နဲ့ နိုင်ငံ ပြန်လည် အားသစ်လောင်းမှုတို့ကို ကြိုးပမ်းရာမှာ အတူတကွ ပူးပေါင်းလုပ်ဆောင်သွားနိုင်မည်ဟု မျှော်လင့်ကြောင်း ၎င်းက ပြောခဲ့သည်။

၂၀၁၆ ခုနှစ် ထိုင်ဝမ်သမ္မတရွေး‌ကောက်ပွဲ၌ လက်ရှိသမ္မတ ဆိုင်အင်ဝမ်ကို မရှုမလှ အရေးနိမ့်ထားခဲ့သည့် ချူးက သမ္မတ ရှီကို ပြန်လည် ပြောကြားရာတွင် ထိုင်ဝမ် ရေလက်ကြား၏ နှစ်ဘက်စလုံးရှိ ပြည်သူများမှာ “အဝါရောင် ဧကရာဇ်၏ သားသမီးများ သို့မဟုတ် တစ်နည်းအားဖြင့် ဟန် တရုတ်များ” ပင် ဖြစ်သည်ဟု ပြောခဲ့သည်။

လက်ရှိ ထိုင်ဝမ်သမ္မတ ဆိုင်အင်ဝမ်၏ ဒီမိုကရက်တစ် တိုးတက်ရေးပါတီ (DPP) အပေါ် ချူးက ပြစ်တင်ပြောဆိုမှုများ လုပ်ထားပြီး DPP က တရုတ်ဆန့်ကျင်ရေးမူဝါဒများ လုပ်ဆောင်ပြီးနောက် ပေကျင်းနှင့်အကြား တင်းမာမှုများ မြင့်တက်နေခဲ့ရခြင်း ဖြစ်သည်ဟု ချူးက အပြစ်ဖို့ထားသည်။

၂၀၁၅ ခုနှစ်က တရုတ်တွင် ရှီနှင့် တွေ့ဆုံခဲ့သည့် ချူးက ၎င်းအနေဖြင့် မတူညီကွဲပြားမှုများကို အလေးထားပြီး အခြေခံတူညီမှု ရှာနိုင်မည်ဟု မျှော်လင့်ကြောင်း၊ အပြန်အလှန် ယုံကြည်မှုနှင့် ခင်မင်ဖော်ရွေမှုကို တိုးမြှင့်ရန်၊ ရေလက်ကြား ဖြတ်ကျော် ဆက်ဆံရေးကို ငြိမ်းချမ်းစွာဖြင့် ဆက်လက်ဖွံ့ဖြိုးစေရေးအလို့ငှာ အပြန်အလှန် ဖလှယ်မှုများနှင့် ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ရန် မျှော်လင့်ကြောင်း ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly