တာလီဘန်တွေ လက်အောက် အသက်ဘေးတွေးပူပြီး ပုန်းလျှိုးကွယ်လျှိုး နေထိုင်နေရတဲ့ လိင်တူချစ်သူများ 

တာလီဘန်တွေ လက်အောက် အသက်ဘေးတွေးပူပြီး ပုန်းလျှိုးကွယ်လျှိုး နေထိုင်နေရတဲ့ လိင်တူချစ်သူများ 

စက်တင်ဘာ ၂၈

လိင်တူချစ်သူတစ်ဦးဖြစ်ပြီး မိန်းမလျာတစ်ဦးအသွင် ရှိတဲ့ ယာဟာ (အမည်လွှဲ) ဟာ တာလီဘန်တွေ မြို့တော် ကဘူးလ်ကို သိမ်းပိုက်လိုက်တဲ့နောက်ပိုင်း သီတင်းခြောက်ပတ်အတွင်းမှာပဲ ဘေးကင်းလုံခြုံရေးအတွက် ကဘူးလ်ရှိ အိမ်က ဆွေမျိုးသားချင်းတွေကို သုံးကြိမ်တိုင် ခွဲခွာပြီး ပုန်းအောင်းနေထိုင်နေရပါတယ်။ 

သူ့လို ထင်သာမြင်သာတဲ့ မိန်းမလျာကို တာလီဘန်တွေသာ တွေ့သွားရင် သတ်ပစ်ကြမှာပဲဆိုတာ ယာဟာအတွက် ကံသေကံမ ပြောလို့ ရနေပါတယ်။ 

“ကျွန်မတို့တွေ အိမ်ပြင်တောင် ခြေမလှမ်းရဲဘူး၊ တစ်ယောက်ယောက်များ တွေ့သွားရင် အသက် ဘေး ရှိလာလိမ့်မယ်၊ အခန်းထဲမှာပဲအောင်းပြီး ကံဆိုးမိုးမှောင် မကျဖို့ ဆုတောင်းနေရတော့တယ်”ဆိုပြီး ယာဟာက ပြောပါတယ်။ 

ကဘူးလ်မြို့တော်ရဲ့ ထောင့်တိုင်းမှာ တာလီဘန်တွေ ရှိလာတာကြောင့် လိင်တူချစ်သူ အမျိုးသမီးဖြစ်တဲ့ မာဝါဆိုသူကလည်း လိင်တူချစ်သူ အမျိုးသားတစ်ဦးဖြစ်တဲ့ သူ့သူငယ်ချင်းနဲ့ လင်မယားလို နေထိုင်ပြီး ဟန်ဆောင်ဖုံးကွယ်ထားဖို့ တက်သုတ်ရိုက် ဆုံးဖြတ်လိုက်ရပါတယ်။ 

အလျင်စလို ပြုလုပ်လိုက်ရတဲ့ သူတို့ ထိမ်းမြားမင်္ဂလာမှာ အခမ်းအနားပွဲလမ်းလည်း မလုပ်ဆောင်သလို မိသားစုတွေလည်း မပါဘဲ အဖြစ်လက်ထပ်လိုက်ကြတာပါ။ 

“ကျွန်မ ကိုယ့်ကိုကို ပြောနေမိတယ်၊ တာလီဘန်တွေ ရောက်လာပြီး သတ်ပစ်တော့မှာပဲ ဆိုပြီးတော့ပေါ့”လို့ အသက် ၂၄ နှစ်ရှိ မာဝါက WhatsApp ကနေ အင်တာဗျူးရာမှာ အေအက်ဖ်ပီကို ပြောပါတယ်။ 

“ကျွန်မ ကြောက်လန့်နေတယ်၊ အချိန်တိုင်းလို ငိုယိုနေမိတယ်၊ ဒါကြောင့် သူငယ်ချင်း လိင်တူချစ်သူ အမျိုးသားကိုပဲ ကျွန်မတို့ နှစ်ယောက် လက်မှတ်ထိုး လက်ထပ်ထားကြဖို့ တိုက်တွန်းခဲ့ရတာပဲ”လို့ လုံခြုံရေးအရ အမည်ဝှက်သုံးထားတဲ့ မာဝါက ပြောဆိုပါတယ်။ 

၁၉၉၆ ကနေ ၂၀၀၁ ခုနှစ်အတွင်း တာလီဘန်တွေရဲ့ ရက်စက်စွာ ဖိနှိပ်အုပ်ချုပ်မှုအောက်မှာ လိင်တူ၊ လိင်ကွဲ၊ ဒွိလိင်ချစ်သူ LGBTQ တွေဟာ မြေလှန်အရှာခံရတာ ဖြစ်ပါတယ်။ အဲဒီ ကာလတွေတုန်းက လိင်တူချစ်သူ အမျိုးသားတွေကို ကျောက်တုံးနဲ့ ထုသတ်တာ ဒါမှမဟုတ် အမြင့်ပေါ်ကနေ တွန်းချသတ်ပစ်တာတွေကို ပြစ်ဒဏ်အဖြစ် စီရင်ကြတာပါ။ 

ဩဂုတ် ၁၅ ရက်မှာ ကဘူးလ်မြို့တော်ကို သိမ်းပိုက်ပြီးကတည်းကနောက်ပိုင်း လိင်တူချစ်သူတွေအရေးနဲ့ ပတ်သက်လို့တော့ တာလီဘန်တွေဟာ ခုထက်ထိ တရားဝင် မှတ်ချက်ပြု ပြောတာမျိုးတော့ မရှိသေးပါ။ ဒါပေမဲ့ အကြီးတန်းတရားသူကြီးဟောင်း ဂူရတ်ရှ်ဟင်းကတော့ လိင်တူချစ်သူတွေကို သေဒဏ်ပေးတာ ပြန်လည်ကျင့်သုံးရလိမ့်မယ်လို့ ဂျာမနီ Bild သတင်းစာကို ပြောဆိုခဲ့ပါတယ်။ 

တာလီဘန်တွေအနေနဲ့လည်း အစ္စလာမ္မစ်ဥပဒေအပေါ် သူတို့ရဲ့ တင်းကျပ်တဲ့ အဓိပ္ပာယ် ကောက်ယူချက်နဲ့အညီ ကျင့်သုံးသွားမယ်ဆိုတာကို ရှင်းလင်းသေချာစွာ သိစေထားပြီး ဖြစ်ပါတယ်။ ဒီ ဥပဒေအဓိပ္ပာယ်ကောက်ယူချက်အရ LGBTQ တွေရဲ့ အခွင့်အရေးတွေဆိုတာ လုံးဝ မရှိတာပဲ ဖြစ်ပါတယ်။ 

အသက်ဘေးကို စိုးရိမ်ကြောက်လန့်ပြီး အများစုသော လိင်တူချစ်သူ ငယ်ရွယ်တဲ့ အမျိုးသား၊ အမျိုးသမီးငယ်တွေဟာ ပုန်းလျှိုးကွယ်လျှိုး ကိုယ်ရောင်ဖျောင်နေထိုင်နေကြရပြီး အရင်က လူမှုမီဒီယာမှာ လုပ်ဆောင်ခဲ့သမျှတွေကိုလည်း ဖျက်ပစ်ကြကြောင်း NGOs တွေနဲ့ အေအက်ဖ်ပီရဲ့ စစ်တမ်းတွေအရ သိရပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly