တရုတ်က ပါကစ္စတန်ရေပြင်တွင် တရားမဝင် ငါးဖမ်းပြီး ကိုယ်ကျိုးရှာ အမြတ်ထုတ်

တရုတ်က ပါကစ္စတန်ရေပြင်တွင် တရားမဝင် ငါးဖမ်းပြီး ကိုယ်ကျိုးရှာ အမြတ်ထုတ်

တရုတ်ဆွဲပိုက်ချသင်္ဘောများသည် ပါကစ္စတန်နိုင်ငံ ဘာလူချစ်စတန်ပြည်နယ် ရေပြင်ထဲသို့ ငါးဖမ်းရန် ရည်ရွယ်ချက်ဖြင့် တရားမဝင် ဝင်ရောက်ထားခဲ့ကြရာတွင် ယင်းသည် တရုတ်ဘက်က ယင်း၏ မိတ်ဆွေနိုင်ငံတစ်နိုင်ငံဖြစ်သည့် ပါကစ္စတန်အပေါ် အလေးထားမှု မရှိသည့် သဘောကို ပြသမှု ဖြစ်နေသည်။ ထို့ပြင် တရုတ်အနေဖြင့် ရန်သူ နှင့် မိတ်ဆွေအကြား ခွဲခြားမှုတစ်ခု လုပ်ဆောင်ခြင်း မရှိဘဲ မိတ်ဆွေနိုင်ငံအပေါ်တွင် စည်းမစောင့်သည့် သဘောလည်း ဖြစ်သည်။ “ဘာလူချစ်စတန် ရေပိုင်နက်” ထဲတွင် တရုတ်ဆွဲပိုက်ချသင်္ဘောများ ငါးဝင်ဖမ်းမှုကိစ္စနှင့်ပတ်သက်၍ ပါကစ္စတန်၏ ဆိနိတ် အမြဲတမ်းကော်မတီက မကြာသေးခင်က ဆွေးနွေးမှုတစ်ခု ပြုလုပ်ခဲ့သည်ဟု ပါကစ္စတန်မှ လာသည့် သတင်းများအရ သိရသည်။ ပြည်တွင်းရှိ ငါးဖမ်းသမား အစုအဖွဲ့များ၏ အခွင့်အရေးကို ဆုံးရှုံးစေလျက်ဖြင့် ပါကစ္စတန်ရေပြင်အတွင်း နိုင်ငံခြားဆွဲပိုက်ချသင်္ဘောများ (အဓိကအားဖြင့် တရုတ်ဆွဲပိုက်ချသင်္ဘောများ) ၏ တရားမဝင် ငါးဖမ်းမှုအပေါ် ထိန်းချုပ်ဟန့်တားရန် ထို ကော်မတီက အကြံပြုချက်များ လုပ်ခဲ့သည်။ သို့သော် လက်ရှိအချိန်အထိ ဘာမှ အပြောင်းအလဲ ရှိမထားပေ။

ဘာလူချစ်စတန်ရှိ ငါးဖမ်းသမားများသည် တရုတ်ဆွဲပိုက်ချသင်္ဘောများ၏ လက်ထဲတွင် ထိခိုက်နစ်နာမှုများ ကြုံတွေ့နေခဲ့ကြရသည်။ ပြီးခဲ့သည့်လက ပါကစ္စတန်၏ ဂွာဒါဒေသတွင် တရုတ်ဆွဲပိုက်ချသင်္ဘောများ တရားမဝင် ငါးဖမ်းမှုကို ဆန့်ကျင်ကန့်ကွက်သည့် ဆန္ဒပြပွဲတစ်ခု ပေါ်ပေါက်ခဲ့သည်။ ဒေသခံ သာမန်ပြည်သူ ရာနှင့်ချီတို့ ထို ဆန္ဒထုတ်ဖော်ပွဲတွင် ပါဝင်ခဲ့ကြသည်။ ထိုဆန္ဒပြပွဲကို ပါကစ္စတန်မီဒီယာများနှင့် ပြည်ပမီဒီယာများတွင် ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြခဲ့သည်။

ထို မတိုင်မီကလည်း ငါးဖမ်းသမားများ၊ နိုင်ငံရေးသမားများ၊ အရပ်ဘက်လူ့အဖွဲ့အစည်း အဖွဲ့ဝင်များ ပါသည့် လူရာချီတို့ကလည်း ၎င်းတို့ နိုင်ငံ၏ ရေထုတွင် ဆွဲပိုက်ချသင်္ဘောများ ရှိနေမှုနှင့် တရားမဝင် ငါးဖမ်းမှုတို့အပေါ် ဆန့်ကျင်ဆန္ဒပြခဲ့ကြသည်။ ဂွာဒါတွင် ငါးဖမ်းရန်အတွက် တရုတ်ဆွဲပိုက်ချသင်္ဘောများကို ဖက်ဒရယ်အစိုးရက လိုင်စင်ချထားပေးသည် ဆိုသည့် သတင်းများလည်း ထွက်ပေါ်ခဲ့သည်။ သို့သော် ပါကစ္စတန်ဝန်ကြီးချုပ် အီမရန် ခန်း ဇူလိုင်လက ဂွာဒါသို့ လာရောက်ခဲ့စဥ်အတွင်း ရေမိုင် ၁၂ မိုင် နယ်နိမိတ်အတွင်း မည်သည့် တရုတ်ဆွဲပိုက်ချသင်္ဘောကိုမှ ငါးဖမ်းရန် လိုင်စင်များ ထုတ်ပေးထားခြင်း မရှိဟု အာမခံ ပြောခဲ့သည်။

ဘာလူချစ်စတန်ပြည်နယ် ဂွာဒါဆိပ်ကမ်းအနီး အာရေးဘီးယန်းပင်လယ်တွင် တရုတ်ကို ငါးဖမ်းခွင့် အခွင့်အရေးများ ပါကစ္စတန်က ပေးထားသည် ဆိုသည့် ကနဦး သတင်းများကြောင့် ဂွာဒါရှိ ငါးဖမ်းသမားများအကြား မကျေမချမ်းမှုများစွာ ဖြစ်ပေါ်ခဲ့သည်။ သို့သော် ဘာလို့ချ် ပင်လယ်ကမ်းရိုးတန်း ပင်လယ်ပြင်တွင် တရုတ်ငါးဖမ်းသင်္ဘော ရာချီ ပျံ့နှံ့ ရှိနေသည်ကို မြင်တွေ့ထားခဲ့ရသည်။

မိမိတို့၏ ငါးဖမ်းလုပ်ကွက်နေရာများကို တရုတ်ထံ လက်လွှတ်ဆုံးရှုံးရမည့်အပေါ် စိုးရိမ်ပူပန်နေကြသည့် ငါးဖမ်းသမားများ ဦးဆောင်သည့် ဆန္ဒပြပွဲများ ဒေသတစ်ခွင် ပျံ့နှံ့ပေါ်ပေါက်ခဲ့ခြင်းနှင့်အတူ ဇူလိုင်လလယ်က ပါကစ္စတန်အာဏာပိုင်တို့သည် ယင်း၏ မဟာဗျူဟာဆိပ်ကမ်းမြို့ ဂွာဒါအနီး တရားမဝင် ငါးဖမ်းမှုဖြင့် သံသယရှိ တရုတ်ဆွဲပိုက်ချသင်္ဘောငါးစင်းကို ထိန်းသိမ်းဖမ်းဆီးခဲ့သည်။

ပါကစ္စတန် ပင်လယ်ရေကြောင်း လုံခြုံရေးအေဂျင်စီသည် ငါးအပြည့်တင်ဆောင်ထားသည့် ထိုတရုတ်ဆွဲပိုက်ချသင်္ဘောများကို ယင်း၏ ထိန်းသိမ်းမှုအောက် ခေါ်လာခဲ့ပြီး ဂွာဒါတွင် ယင်းတို့၏ သံသယဖြစ်ဖွယ် ရှိနေမှုနှင့်ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုများ စတင်လုပ်ဆောင်ခဲ့သည်။ ဂွာဒါတွင် တရုတ်သည် ယင်း၏ ခါးပတ်တစ်ကွင်း၊ လမ်းတစ်စင်း စီမံကိန်း၏ တစိတ်တဒေသအဖြစ် ရေနက်ဆိပ်ကမ်းတစ်ခုကို တည်ဆောက်ထားသည်။ စုံစမ်းစစ်ဆေးမှု၏ ရလဒ်ကို လက်ရှိအချိန်အထိ စောင့်ဆိုင်းနေရဆဲ ဖြစ်သည်။

ဂွာဒါ ဆိပ်ကမ်းသည် တရုတ်-ပါကစ္စတန် စီးပွားရေးစင်္ကြန် (CPEC) အတွက် တံခါးပေါက်တစ်ခုအဖြစ် ရှုမြင်နိုင်သည်။ CPEC သည် ပေကျင်း၏ ခါးပတ်တစ်ကွင်း၊ လမ်းတစ်စင်း စီမံကိန်း၏ ကမ္ဘာလုံးဆိုင်ရာ အခြေခံအဆောက်အအုံ ပရောဂျက်များ၏ တစိတ်တပိုင်းအဖြစ် ပါကစ္စတန်တွင် ရင်းနှီးမြှုပ်နှံထားသည့် တရုတ်၏ ဒေါ်လာဘီလီယံများစွာတန်ကြေးရှိ အကြီးစားစီမံကိန်းတစ်ခု ဖြစ်သည်။ ၂၀၁၇ ခုနှစ်တွင် ပါကစ္စတန်သည် ဂွာဒါ ဆိပ်ကမ်း ထိန်းချုပ်မှုကို တရုတ်နိုင်ငံပိုင် ကုမ္ပဏီတစ်ခုဖြစ်သည့် China Overseas Port Holding Company (COPHC) ထံ နှစ် ၄၀ ငှားရမ်းမှု သဘောတူညီချက်တစ်ခုအောက်တွင် လွှဲပြောင်းပေးထားခဲ့သည်။

သို့သော် ပါကစ္စတန် ငါးဖမ်းသမားများအကြား မကျေမချမ်းဖြစ်မှုများက ပျောက်ကွယ်ထားခဲ့ခြင်း မရှိပေ။ အစောပိုင်းကလည်း အစိုးရက တရုတ်တို့ ကိုင်တွယ်လုပ်ဆောင်သည့် ဂွာဒါဆိပ်ကမ်းအတွက် ဒေသခံများကို ၎င်းတို့၏ မူလနယ်မြေများကနေ အခြားအရပ်သို့ ရွှေ့ပြောင်းခိုင်းထားခဲ့သည်။ ဆိပ်ကမ်း ဖော်ဆောင်မှုက ဒေသခံ ငါးဖမ်းသမားများကို ၎င်းတို့၏ အစဥ်အလာ ငါးဖမ်းနေရာလုပ်ကွက်များ၌ လုပ်ကိုင်နိုင်ခြင်း မရှိစေရန် အဟန့်အတား ဖြစ်စေခဲ့သည်။ ယမန်နှစ်က တရုတ် ရေနက်ပိုင်း ဆွဲပိုက်ချသင်္ဘောအစင်း ၂၀ သည် ဆင်းန် နှင့် ဘာလူချစ်စတန်ပြည်နယ်များတွင် ငါးဖမ်းရန် ကရာချိ ဆိပ်ကမ်းသို့ ရောက်ရှိခဲ့ချိန် စိုးရိမ်ပူပန်မှုများ ထွက်ပေါ်ခဲ့ကြရသည်။

တရုတ်တို့ ဒေါ်လာ ဘီလီယံ များစွာတန်ကြေးရှိ ရင်းနှီးမြှုပ်နှံမှုများ လုပ်နေသော်လည်း ဒေသခံများမှာမူ ၎င်းတို့အတွက် အရာအားလုံး ဆုံးရှုံးထားခဲ့ရပြီဟု ခံစားမိနေခဲ့ကြသည်။ တရုတ် ဆွဲပိုက်ချသင်္ဘောများသည် ပင်လယ်သမုဒ္ဒရာတွင်းမှ ဖမ်းယူရရှိသည့် ငါးများကို ထုတ်လုပ်စီမံရန်နှင့် တာရှည်ခံအောင် ထိန်းသိမ်းထားရန်အတွက် အစားအစာ ထုတ်လုပ်စီမံမှု စက်အစိတ်အပိုင်းများ ပါသည့် ကော်မာရှယ် သင်္ဘောများ ဖြစ်သည်။ တရုတ် ဆွဲပိုက်ချသင်္ဘောများသည် အရွယ်အစားကြီး လုပ်ဆောင်မှုများကို လုပ်ဆောင်ထားခဲ့ကြသည်။ ရလဒ်အနေဖြင့် ဘာလူချစ်စတန်နှင့် ယင်း၏ ကီလိုမီတာ ၁၀၀၀ ပင်လယ်ကမ်းရိုးတန်းအနီးရှိ ငါးဖမ်းသမားများသည် အသက်မွေးဝမ်းကြောင်းအတွက် ရှာဖွေလုပ်ကိုင်ရာတွင် အခက်အခဲများနှင့် ကြုံတွေ့ထားခဲ့ကြရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly