ကမ္ဘာ့ဝီဂါကွန်ဂရက်ဥက္ကဌ တူရကီသို့ ပြည်ဝင်ခွင့် ငြင်းဆန်ခဲ့ရ

By RFA
26 September 2021
ကမ္ဘာ့ဝီဂါကွန်ဂရက်ဥက္ကဌ တူရကီသို့ ပြည်ဝင်ခွင့် ငြင်းဆန်ခဲ့ရ

ဂျာမနီနိုင်ငံ၊ မြူးနစ်မြို့အခြေစိုက် ကမ္ဘာ့ဝီဂါကွန်ဂရက်(WUC) မှ ပြည်ပရောက်အဖွဲ့၏ ဥက္ကဌ ဒိုခန်အိုင်စာသည် ခရီးသွားလာခွင့် ပိတ်ပင်ထားမှုကို ရုပ်သိမ်းလိုက်ကြောင်း သိရှိပြီး နှစ်ပတ်အကြာတွင် တူရကီနိုင်ငံမြို့တော် အန်ကာရာလေဆိပ်အရောက်တွင် ဂျာမနီသို့ စက်တင်ဘာ ၂၀ရက်က လှည့်ပြန်ခဲ့ရသည်ဟု ၎င်းနှင့် ၎င်း၏ ရှေ့နေက ပြောကြားသည်။

၂၀ဝ၈ ခုနှစ်မှစ၍ တူရကီသို့ ခရီးသွားလာခွင့် ပိတ်ပင်ထားမှု တားမြစ်ချက်အား စက်တင်ဘာ ၁ရက်တွင် အန်ကာရာအုပ်ချုပ်မှုတရားရုံးက ပယ်ဖျက်လိုက်ပြီး ယင်းဆုံးချက်ကို တူရကီလူဝင်မှုကြီးကြပ်ရေး အာဏာပိုင်များက လက်ခံခဲ့ပြီး ထပ်ဆင့်အကြောင်းကြားလာခဲ့ကြောင်း အိုင်စာ၏ ရှေ့နေ ဒိုဂန်က စက်တင်ဘာ ၆ ရက်က ပြောကြားခဲ့သည်။

“ အိုင်စာက တူရကီကိုလာပြီး လက်ရှိ အန်ကာရာဆေးရုံမှာ ဆေးရုံတက်နေတဲ့ ကမ္ဘာ့ဝီဂါကွန်ဂရက်ရဲ့ ယခင်ဥက္ကဌ ဟောင်း အာကင်ကို လာတွေ့တာပါ။ ကံမကောင်းစွာနဲ့ပဲ အန်ကာရာလေဆိပ်က နိုင်ငံကူးလက်မှတ် စစ်ဆေးရေးရဲတွေက သူ့ကိုတူရကီကို ပြည်ဝင်ခွင့်မပေးခဲ့လို့ ဂျာမနီကိုပြန်ခဲ့ရပါတယ်” ဟု အန်ကာရာမြို့ အီဆန်ဘိုဂါလေဆိပ်၌ သတင်းထောက်များအား ဒိုဂန်က ပြောကြားခဲ့သည်။

ယခင်ပိတ်ပင်မှုကိုရုပ်သိမ်းပြီးနောက် ရက်အနည်းငယ်တွင် တူရကီပြည်ထဲရေးဝန်ကြီးဌာနသည် အိုင်စာကို အမည်ပျက်စာရင်းသို့ စက်တင်ဘာ ၆ ရက်တွင် ဒုတိယအကြိမ်ထပ်မံစာရင်းသွင်းခဲ့ကြောင်း အန်ကာရာမြို့ရှိ ဟာချီဘေရမ်တက္ကသိုလ်မှ ဥပဒေပါမောက္ခ ဒိုဂန်က ပြောကြားသည်။

“ တူရကီအစိုးရက ရှက်စရာကောင်းတဲ့လုပ်ရပ်တွေကိုလုပ်ခဲ့ပါတယ်။ ဒါကိုကြည့်ခြင်းအားဖြင့် တူရကီတရားရုံး တွေရဲ့ဆုံးဖြတ်ချက်တွေက အကျိုးသက်ရောက်မှုမရှိတာကို တွေ့မြင်နိုင်ပါတယ်။ အိုင်စာ ကို တားမြစ်တာက တူရကီဥပဒေနဲ့ဆန့်ကျင်ပြီးတရားမဝင်တဲ့အတွက် ကျွန်တော်တို့ တူရကီအစိုးရကို တရားစွဲဆို သွားပါမယ်” ဟု ၎င်းက ဆိုသည်။

ကမ္ဘာ့ဝီဂါကွန်ဂရက်မှ ထုတ်ပြန်သောကြေညာချက်တွင် အိုင်စာက “ အန်ကာရာအုပ်ချုပ်မှုတရားရုံးက တားမြစ်မှုကို ရုပ်သိမ်းခဲ့သော်လည်း တူရကီအာဏာပိုင်များက ပြည်ဝင်ခွင့်ကို ငြင်းပယ်ခဲ့သည့်အတွက် အလွန် စိတ်ပျက်မိသည်” ဟု ပြောကြားခဲ့သည်။

“တစ်ခါမှမလုပ်ခဲ့ဘူးတဲ့အရာအတွက် တူရကီအာဏာပိုင်တွေရဲ့ မတရားငြင်းပယ်မှုကို ထပ်မံခံနေရပါတယ်” ဟု အိုင်စာက ထပ်လောင်း ပြောကြားခဲ့သည်။ သူသည် ဂျာမနီ၌ နိုင်ငံရေးခိုလှုံခွင့်မရမီ ၁၉၉၀ ပြည့်နှစ် အလွန်တွင် တူရကီမှ နိုင်ငံရေးသိပ္ပံမဟာဘွဲ့ရရှိခဲ့သည်။

သူသည် ၂၀ဝ၈ ခုနှစ် သြဂုတ်လနှင့် ၂၀၁၁ ခုနှစ်အောက်တိုဘာလတို့တွင် တူရကီသို့ ပြည်ဝင်ခွင့်ငြင်းပယ်ခံရပြီး တရုတ်အစိုးရ၏ တောင်းဆိုချက်ကြောင့် အင်တာပိုအဖွဲ့မှ ၎င်းအား ၁၉၉၇ ခုနှစ်မှ ၂၀၁၈ ခုနှစ်အထိ အနီရောင်သတိပေးချက်ထုတ်ပြန်ခံခဲ့ရကြောင်း အဖွဲ့က ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly