တစ်အိမ်ထောင်ကလေးတစ်ဦးမူဝါဒ ၏ ရိုက်ခတ်မှုများနှင့် လုံးပန်းနေရသည့် တရုတ်စစ်တပ်တွင် မောင်းသူမဲ့လေယာဥ်နှင့် ပဲ့ထိန်းဒုံးများ ဖြည့်တင်းနေဟု ကျွမ်းကျင်သူများ ပြော

By Jionews/ ANI
26 September 2021
တစ်အိမ်ထောင်ကလေးတစ်ဦးမူဝါဒ ၏ ရိုက်ခတ်မှုများနှင့် လုံးပန်းနေရသည့် တရုတ်စစ်တပ်တွင် မောင်းသူမဲ့လေယာဥ်နှင့် ပဲ့ထိန်းဒုံးများ ဖြည့်တင်းနေဟု ကျွမ်းကျင်သူများ ပြော

တရုတ်စစ်တပ်တွင် ပျော့ကွက်တစ်ခု ရှိနေသည်။ နိုင်ငံတွင် ‘တအိမ်ထောင် ကလေးတစ်ဦး’ မူဝါဒကြောင့် ကလေးတစ်ဦးတည်း ယူထားခဲ့ရသော မိသားစုများကနေ လာသည့် စစ်သားများဖြင့် အဓိက ဖွဲ့စည်းရှိနေသည့် တရုတ်စစ်တပ်သည် စစ်သည်များ၏ စစ်ရေးစိတ်ဓာတ်ပိုင်း လျော့ကျနေခြင်းနှင့်အတူ ယခုအခါ လူလိုက်ပါစရာ မလိုသည့် လေယာဥ်များနှင့် ပဲ့ထိန်းဒုံးကျည်များကို ထပ်တိုးဖြည့်တင်းရန် ပိုမို လိုလားလျက် ရှိသည်။

တရုတ် ကွန်မြူနစ်ပါတီ (CCP) သည် ယင်းနိုင်ငံ၏ စစ်တပ်၏ အားနည်းချက်များကို မတော်တဆ ထုတ်ဖော်ထားမိခဲ့ကြောင်း Nikkei Asia တွင် ရေးသားနေသည့် တက်ဆုရို ကိုဆာကာ က ပြောသည်။ ယင်းနှင့်ပတ်သက်ပြီး ပထမအချက်တစ်ခုမှာ တရုတ်တို့သည် ကုန်းတွင်းပိုင်း သဲကန္တာရ ဒေသတစ်ခုတွင် တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည်သစ် (ICBM) များ ပစ်လွှတ်မှုအတွက် လိုအပ်သည့် ပံ့ပိုးမှုအင်္ဂါရပ်များ တည်ဆောက်ခြင်းနှင့် သက်ဆိုင်သည်။ နောက်တစ်ချက်က ကလေးများကို ပညာသင်ကြားမှုဆိုင်ရာ စရိတ်ကြီးသော ဝန်ထုပ်ဝန်ပိုးကို ကူညီလျော့ကျစေမည့် အစီအမံများ အပါအဝင် ကလေးမွေးဖွားမှုကို တိုးမြင့်စေရန် နောက်ထပ် ကြိုးပမ်းအားထုတ်မှုများပင် ဖြစ်သည်။

ဤကဲ့သို့ လုပ်ဆောင်ချက်များ၏ နောက်ကွယ်တွင် ပုန်းလျှိုးကွယ်လျှိုး ရှိနေသည့် အထောက်အထားအရ နိုင်ငံသည် လက်ရှိအချိန်တွင် စစ်သည်တို့၏ စစ်ရေးစိတ်ဓာတ်ပိုင်းနှင့်အတူ မရပ်မနားရှိနိုင်သည့် စစ်ပွဲတစ်ခုကို တိုက်ခိုက်ရန် စစ်တပ်၏ တိုက်ခိုက်နိုင်စွမ်းပိုင်းနှင့်ပတ်သက်ပြီး စိုးရိမ်ပူပန်မှုများကို ကိုင်တွယ်ဖြေရှင်းနေရပြီ ဆိုသည်ပင် ဖြစ်သည်။

ပြီးခဲ့သည့် ဆယ်စုနှစ်တစ်စုနီးပါးကြာ တရုတ်သည် တောင်တရုတ်ပင်လယ်တွင် အလုပ်များနေခဲ့ပြီး ကနဦးပိုင်း ကျွန်းတုများ တည်ဆောက်ပြီး ထို့နောက် ဧရိယာသို့ ပြည်ပစစ်လေယာဥ်နှင့် ရေယာဥ်သင်္ဘောများ ချဥ်းကပ်လာမည့်ဘေးကနေ တားဆီးတန်ပြန်ရန် ရေဒါကိရိယာများနှင့် ဒုံးများ ဖြန့်ကျက်တပ်ဆင်ကာ နောက်ဆုံးတွင် လက်ရှိ အကာအကွယ်ပေးထားသည့် ပင်လယ်တွင် ပဲ့ထိန်းဒုံးများ ပစ်လွှတ်နိုင်စွမ်းရှိ မဟာဗျူဟာကျ နျူကလီးယား ရေငုပ်သင်္ဘောများ ဖြန့်ကျက်ခြင်းတို့ကို လုပ်ဆောင်ခဲ့သည်ဟု Nikkei Asia က ဖော်ပြသည်။

SLBMs ဟု သိကြသည့် ရေငုပ်သင်္ဘောမှ ပစ်လွှတ်သည့် ပဲ့ထိန်းဒုံးများသည် အဆုံးစွန် လက်နက်များ ဖြစ်သည်။ ယင်းတို့က နိုင်ငံများကို အန္တရာယ်ဖြစ် ဆိုးကျိုးကျစေနိုင်သည့် အနေအထားများအတွင်း ရောက်ရှိမည့်အရေးကနေ ရှောင်လွဲ၍ ရစေနိုင်ပြီး အကြောင်းမှာ ယင်းဒုံးများကို သယ်ဆောင်သည့် ရေငုပ်သင်္ဘောများမှာ ရန်သူ အနီးဆုံးသို့ ကပ်မလာခင် အန္တရာယ်မပြုသာအောင် ဟန့်တားထိန်းချုပ်ရင်း နက်ရှိုင်းသော ရေအောက်၌ ဆက်ရှိနေနိုင်၍ ဖြစ်သည်။

တောင်တရုတ်ပင်လယ်ရှိ ရေပြင်တစ်ချို့တွင် တရုတ်က စစ်ပုံသွင်း တပ်ချထားသလို SLBMs များ ဖြန့်ကျက်ထားသော်လည်း တကယ်တမ်း ပဋိပက္ခတစ်ခု ပေါ်ပေါက်လာပါက ယင်းအနေဖြင့် ဧရိယာကို ကာကွယ်နိုင်မည် ဆိုပြီး ယုံကြည်မှု ရှိမနေသည့် အချက်ကြောင့် ယခုကဲ့သို့ တရုတ်တို့ ကုန်းတွင်းပိုင်း သဲကန္တာရ ဧရိယာများတွင် ICBM အခြေစိုက်နေရာများ တက်သုတ်ရိုက် တည်ဆောက်နေခြင်း ဖြစ်သည်ဟု ပညာရှင်များက ယုံကြည်နေကြောင်း တက်ဆုရိုက ပြောသည်။

၂၀၁၈ ဇန်နဝါရီလက တရုတ် ရေငုပ်သင်္ဘောတစ်စင်းသည် ယင်း၏ လယ်ဗယ်မြင့် စွမ်းဆောင်ရည် ကင်းမဲ့မှုကို အရှက်ရဖွယ် ထုတ်ဖော်မိခဲ့သည်။ အရှေ့တရုတ်ပင်လယ်ရှိ ဂျပန်တို့ ထိန်းချုပ်သည့် ဆန်ကာကူကျွန်းစု၏ ထိကပ်နေသော ဇုန်တစ်ခု၌ ပင်လယ်ရေအောက်တွင် ခုတ်မောင်းသွားလာနေခဲ့သည့် ထိုတရုတ်ရေငုပ်သင်္ဘောကို ဂျပန်ကာကွယ်ရေးတပ်ဖွဲ့များက အလျင်အမြန်ပင် ထောက်လှမ်းတွေ့ရှိခဲ့သည်။

ယင်းအချိန် တရုတ် ရေငုပ်သင်္ဘောသည် အလျင်အမြန် ရေပေါ် ပေါ်လာခဲ့ပြီး မဆိုင်းမတွပင် တရုတ်အလံကို လွှင့်ထူခဲ့သည်။၊ ယင်းက အညံ့ခံမှုအဖြစ် အလံဖြူထောင်ပြသည့် သဘောလည်း ဖြစ်ကောင်းဖြစ်နိုင်သည်။ အကြောင်းမှာ တရုတ်သင်္ဘောအမှုထမ်းများဘက်က ၎င်းတို့ သင်္ဘော ရေအောက်တွင် တစ်ဟုန်ထိုး တိုက်ခိုက်ခံရမည့်အရေးကို စိုးရိမ်ခဲ့ကြသည်ဟု ယူဆရကြောင်း Nikkei Asia က ဖော်ပြသည်။

နိုင်ငံတကာ ဥပဒေအောက်တွင် ပင်လယ်ရေကြောင်းဆိုင်ရာ ကာကွယ်ရေးတပ်ဖွဲ့အနေဖြင့် ထို သင်္ဘောကို ရေအောက်ငုပ်လျှိုး ခုတ်မောင်းလာသော ဂျပန် နယ်နိမိတ်ရေပိုင်နက်ထဲ ကျူးကျော်ဝင်လာခဲ့သည့် “အမျိုးအမည် မသိသော ရေငုပ်သင်္ဘော” တစ်စင်းအဖြစ် သတ်မှတ်ယူဆနိုင်၍ ဖြစ်သည်။

ထိုဖြစ်စဥ်အရ တရုတ်စစ်သားများ၏ စစ်ရေးစိတ်ဓာတ်ပိုင်း လျော့ကျနေမှုကို သရုပ်သကန်ဆောင် ဖော်ပြနေသည်ဟု ဂျပန်နှင့် အမေရိကန် အရာရှိ အများအပြားက ယုံကြည်ကြသည်ဟု တက်ဆုရိုက ပြောခဲ့သည်။

ဒုံးကျည်များနှင့် တင့်ကားများကဲ့သို့ မြင်နိုင်သော အင်အားများက စစ်ရေးပါဝါ၏ အဓိက အပိုင်းတစ်ခုသာ ဖြစ်ပြီး စစ်သည်တို့၏ စစ်ရေးစိတ်ဓာတ်ကဲ့သို့ မမြင်နိုင်သော အင်အားများလည်း ရှိနေသေးသည်ဟု တက်ဆုရိုက ပြောသည်။

တရုတ်စစ်သားများ၏ စစ်ရေးစိတ်ဓာတ်ပိုင်း လျော့ကျခြင်းက ယင်းနိုင်ငံ၏ ကာလကြာရှည်ခဲ့သော တအိမ်ထောင် ကလေးတစ်ယောက် မူဝါဒကြောင့်ဟု မှတ်ယူနိုင်ကြောင်း တစ်ချို့က ယုံကြည်ကြသည်။

“တရုတ် စစ်သားတွေရဲ့ ၇၀ ရာခိုင်နှုန်းကျော်က ကလေးတစ်ယောက်ပဲ ယူတဲ့ မိသားစုတွေကနေ လာတဲ့ ညီအကို မောင်နှမမရှိတဲ့ တစ်ဦးတည်းသောကလေးတွေ ဖြစ်ပါတယ်၊ ကျန်တာတွေကတော့ ဒုတိယမြောက် ကလေး ဒါမှမဟုတ် မိဘတွေက အစိုးရဆီ ဒဏ်ကြေးဆောင်ပြီး မွေးထားတဲ့ ကလေးတွေ ဖြစ်ကြပါတယ်” ဟု ဂျပန်ကာကွယ်ရေးဝန်ကြီးဌာန၏ စစ်ဘက် ထောက်လှမ်းရေးဌာနချုပ်၌ အရှေ့အာရှဆိုင်ရာ စစ်ရေးဟန်ချက်ပိုင်းကို နှစ်များစွာ အကဲခတ်လေ့လာထားသည့် မြေပြင်ကာကွယ်ရေးတပ်ဖွဲ့အရာရှိဟောင်း ကင်နီချီ နီရှီမူရာက ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly