မြန်မာတွင် အကြမ်းဖက်မှု ရပ်တန့်ရေးနှင့် ဖမ်းဆီးခံထားရသူများ ပြန်လည်လွတ်မြောက်ရေး Quad အုပ်စု တောင်းဆို

မြန်မာတွင် အကြမ်းဖက်မှု ရပ်တန့်ရေးနှင့် ဖမ်းဆီးခံထားရသူများ ပြန်လည်လွတ်မြောက်ရေး Quad အုပ်စု တောင်းဆို

စက်တင်ဘာ ၂၆

အမေရိကန်၊ သြစတြေးလျ၊ ဂျပန်နှင့် အိန္ဒိယ တို့ ပါဝင်သည့် အင်ဒို-ပစိဖိတ်ဒေသဆိုင်ရာ လုံခြုံရေးပူးပေါင်းဆောင်ရွက်မှု (Quad) အုပ်စု ခေါင်း‌ဆောင်များသည် စက်တင်ဘာ ၂၄ ရက်က တွေ့ဆုံဆွေးနွေးခဲ့ရာတွင် မြန်မာနိုင်ငံ၌ အကြမ်းဖက်မှု ရပ်ဆိုင်းရေးနှင့် ဖမ်းဆီးထိန်းသိမ်းခံထားရသူများ ပြန်လည်လွတ်မြောက်ရေးအတွက် တောင်းဆိုသွားခဲ့သည်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် အိမ်ရှင်အဖြစ် ကျင်းပခဲ့သည့် Quad အုပ်စု၏ လူကိုယ်တိုင် တွေ့ဆုံသည့် ထိပ်သီးအစည်းအဝေး၌ အိန္ဒိယဝန်ကြီးချုပ် နာရင်ဒြာ မိုဒီ၊ သြစတြေးလျဝန်ကြီးချုပ် စကော့ မော်ရစ်ဆင် နှင့် ဂျပန်ဝန်ကြီးချုပ် ယိုရှီဟီဒဲ ဆုဂါ တို့ ပါဝင်တက်ရောက်ခဲ့ကြသည်။

အဆိုပါ ဒီမိုကရေစီ လေးနိုင်ငံ၏ ခေါင်းဆောင်များ အစည်းအဝေးတွင် မြန်မာ့အရေးကိစ္စကို ထည့်သွင်း ဆွေးနွေးခဲ့ကြသည်။

“မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ အဆုံးသတ်စေဖို့ မိမိတို့ ဆက်လက် တောင်းဆိုပါတယ်၊ နောက်ပြီး နိုင်ငံခြားသားတွေအပါအဝင် ထိန်းသိမ်းခံထားရသူတွေ ပြန်လည်လွတ်မြောက်ဖို့၊ အပြုသဘောဆောင် ဆွေးနွေးမှုတွေမှာ ပါဝင်ကြဖို့နဲ့ ဒီမိုကရေစီ မူလအတိုင်း ပြန်လည်အသက်သွင်းဖို့ကို တောင်းဆိုပါတယ်” ဟု အဆိုပါအုပ်စု ခေါင်းဆောင်များက ပူးတွဲကြေညာချက်တစ်စောင်တွင် ပြောသည်။

ထို့ပြင် အာဆီယံ ဘုံသဘောတူညီချက် ငါးချက် အမြန်ဆုံး အကောင်အထည် ဖော်ရေးကိုလည်း ခေါင်းဆောင်များက တိုက်တွန်းသွားခဲ့သည်။

အာဆီယံ ဘုံသဘောတူညီချက် ငါးချက်တွင် မြန်မာနိုင်ငံ၌ အကြမ်းဖက်မှုများ ချက်ချင်း ရပ်ဆိုင်းပြီး အတတ်နိုင်ဆုံး ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်ရေး၊ ပြည်သူများ၏ အကျိုးအတွက် ငြိမ်းချမ်းသော နည်းဖြင့် အဖြေရှာရန် သက်ဆိုင်သူအားလုံးအကြား အပြုသဘောဆောင် ညှိနှိုင်းဆွေးနွေးရေး တို့ ပါဝင်သည်။

အဆိုပါ Quad အုပ်စု ခေါင်းဆောင်များ တွေ့ဆုံမှုတွင် မြန်မာ့အရေး အပြင် မြောက်ကိုရီးယားအရေးနှင့် ဂျပန်ပြန်ပေးဆွဲခံရသူများ ကိစ္စတို့ကိုလည်း ထည့်သွင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly