ဒီးမော့ဆိုတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၁၀ဦးသေ၊ PDFဘက်မှ တပ်ဖွဲ့ဝင် ကျဆုံး

By မဇ္ဈိမ
25 September 2021
ဒီးမော့ဆိုတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၁၀ဦးသေ၊ PDFဘက်မှ တပ်ဖွဲ့ဝင် ကျဆုံး

စက်တင်ဘာ ၂၅

ကယား(ကရင်နီ)ပြည်နယ်၊ ဒီးမော့ဆိုတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၁၀ဦးသေဆုံးပြီး ၎င်းတို့ကို ခုခံတိုက်ခိုက်ခဲ့သည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များဘက်မှလည်း တစ်ဦး ကျဆုံးကြောင်း ကရင်နီအမျိူးသားကာကွယ်ရေးတပ်(KNDF)မှ ယနေ့ စက်တင်ဘာ ၂၅ရက် ညပိုင်းတွင် သတင်းထုတ်ပြန်သည်။

အဆိုပါ စာရင်းမှာ စက်တင်ဘာ ၂၃ ရက်မှ စတင်ဖြစ်ပွားခဲ့သည့် တစ်ကျော့ပြန်တိုက်ပွဲများအတွင်း ကျဆုံးခဲ့သည့် အတည်ပြုစာရင်းဖြစ်ပြီး စစ်ကောင်စီဘက်မှ ကျဆုံးဦးရေ ပိုမိုနိုင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဒီးမော့ဆိုမြို့နယ်၊ ကုန်းသာကျေးရွာ၊ သေးဆူလဲကျေးရွာနှင့် ကျောက်ဆည်ကန်တို့တွင် ယနေ့ညပိုင်းအထိ နှစ်ဘက်ထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့ပြီး ဒီးမော့ဆိုမြို့နယ် အခြေစိုက် စစ်ကောင်စီတပ်ရင်းများမှ လက်နက်ကြီးများဖြင့် ထုတ်ပြန်ချက်ထုတ်ပြန်သည့် အချိန်ထိ အဆက်မပြတ် ရမ်းသန်း ပစ်ခတ်လျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့အပြင် အကြမ်းဖက်စစ်ကောင်စီတပ်များသည် ဒီးမော့ဆိုမြို့နယ်ရှိ ကုန်းသာ ကျေးရွာနှင့် သေးဆူလဲကျေးရွာတွင် ဝင်ရောက်တပ်စွဲထားသည့်အပြင် ယင်းကျေးရွာများအတွင်းရှိ ဒေသခံများ၏ နေအိမ်များကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

ယနေ့ စက်တင်ဘာ ၂၅ ရက်တွင် ဒီးမော့ဆိုမြို့နယ်၊ ကုန်းသာကျေးရွာဘက်သို့ အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်လာသော အကြမ်းဖက် စစ်ကောင်စီတပ်များကို ကရင်နီတပ်မတော် (KA)၊ KNDF နှင့် ပြည်သူ့ကာကွယ်ရေးတပ်များမှ ပူးပေါင်း၍ ခုခံတိုက်ခိုက်ခဲ့ရာ နံနက် ၈ နာရီ ၄၅ မိနစ် မှစ၍ ည ၇ နာရီအထိ တိုက်ပွဲအပြင်းအထန် ဖြစ်ပွားခဲ့ကြောင်းထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly