ချောင်းဦးမြို့ PDF တပ်ဖွဲ့မှ သတိပေးပြီးနောက် ရပ်ကျေးအုပ်ချုပ်ရေးမှူးနုတ်ထွက်

ချောင်းဦးမြို့ PDF တပ်ဖွဲ့မှ သတိပေးပြီးနောက် ရပ်ကျေးအုပ်ချုပ်ရေးမှူးနုတ်ထွက်

စက်တင်ဘာ ၂၅

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်ရှိ ချောင်းဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (CHU PDF) မှ ရပ်ကွက်၊ ကျေးရွာအုပ်စုအပါအ၀င် အုပ်ချုပ်ရေးမှူးများအားလုံး နုတ်ထွက်ကြရန် သတိပေးပြီးနောက် စစ်‌ကောင်စီ လက်အောက်ခံ ရပ်ကျေးအုပ်ချုပ်ရေးမှူးတစ်ဦး နုတ်ထွက်ကြောင်း CHU PDF ၏ သတင်းနှင့်ပြန်ကြားရေးအဖွဲ့ ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ အုပ်ချုပ်ရေးမှူးမှာ ချောင်းဦးမြို့နယ် မှန်ချိုကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးလှဝင်း ဖြစ်ပြီးယနေ့စက်တင်ဘာ ၂၅ ရက်တွင် နုတ်ထွက်ခဲ့ခြင်းဖြစ်ကြောင်း ချောင်းဦးမြို့ဒေသခံများက ပြောသည်။

"မနေ့က ချောင်းဦး-PDF ကထုတ်ပြန်ပြီး ဒီနေ့မှာ ထွက်တာပါ။ ‌ချောင်းဦးမှာက စစ်ကောင်စီလက်အောက်ခံ ရပ်ကျေးအုပ်ချုပ်ရေးမှူး ငါး ယောက်လောက်ရှိတယ်"ဟု ဒေသခံတစ်ဦးက မဇ္ဈိမကိုပြောသည်။

ကင်းမွန်တောကျေးရွာအုပ်စုမှ အုပ်ချုပ်ရေးမှူး ဦးဘိုးအေးမှာလည်း ပြီးခဲ့သည့် စက်တင်ဘာ ၆ ရက်က နုတ်ထွက်ခဲ့ပြီးဖြစ်ကြောင်း CHU PDF ကထုတ်ပြန်ထားသည်။

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်ရှိ အကြမ်းဖက်စစ်ကောင်စီ အုပ်ချုပ်ရေး လက်အောက်ရှိ ရပ်ကွက်၊ ကျေးရွာအုပ်စုအပါအ၀င် အုပ်ချုပ်ရေးမှူးများအားလုံး ယခုလ စက်တင်ဘာ ၃၀ ရက် နောက်ဆုံးထား၍ နုတ်ထွက်ကြရန် ချောင်းဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(CHPDF)မှ ယမန့်နေ့ စက်တင်ဘာ ၂၄ ရက်တွင် သတိပေးထုတ်ပြန်ခဲ့သည်။

အဆိုပါသတိပေးချက်အား မလိုက်နာဘဲ မည်သည့်အကြောင်းပြချက်ဖြင့် ပျက်ကွက်သည်ဖြစ်စေ စစ်ကောင်စီ၏ထောက်တိုင်များ အဖြစ်သတ်မှတ်၍ CHU PDF တပ်ဖွဲ့မှ ချေမှုန်းသွားမည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly