နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု ( ၂၄ စက်တင်ဘာ ၂၀၂၁)

နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု ( ၂၄ စက်တင်ဘာ ၂၀၂၁)
(Photo: : CJ - စက်တင်ဘာလ ၂၄ ရက်၊ မန္တလေးမြို့ ဒေသခံပြည်သူများ၏ အကြမ်းဖက်စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်)

စက်တင်ဘာလ ၂၄ ရက်

စစ်ကောင်စီ

·         မြန်မာနိုင်ငံဆိုင်ရာ ကုလသံအမတ်ကြီး ဦးကျော်မိုးထွန်းကို အသိအမှတ်မပြုကြရန်နှင့် နိုင်ငံတကာအစည်း အဝေး များတွင် ပါဝင်တက်ရောက်ခွင့်ပြုသော နိုင်ငံများ အဖွဲ့အစည်းများ၏ အပြုအမူကို မြန်မာနိုင်ငံက ပြင်းထန်စွာ ကန့်ကွက်ပယ်ချပြီး တရားမဝင် ကိုယ်စားလှယ်များနှင့် ထိတွေ့ဆောင်ရွက်ခြင်း၊ အားပေးအား မြှောက် ပြုခြင်းမှ ရှောင်ကြဉ်ရန် စစ်ကောင်စီလက်အောက်ခံ နိုင်ငံခြားရေးဝန်ကြီးဌာနက နိုင်ငံတကာ အသိုက်အဝန်းကို ထပ်လောင်း တောင်းဆိုသည်။

·         ရန်ကုန်စည်ပင်သာယာရေးဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေပြဌာန်းကြောင်း အကြမ်းဖက်စစ် ခေါင်းဆောင်  မင်းအောင်လှိုင်မှ လက်မှတ်ရေးထိုးထုတ်ပြန်လိုက်သည်။

·         အမှတ်(၃)ဓာတ်မြေဩဇာစက် ပြန်လည်လည်ပတ်နိုင်ရန်အတွက် လိုအပ်သည့် လျှပ်စစ်ဓာတ်အား သွယ်တန်းခြင်း လုပ်ငန်းများကို ဆောင်ရွက်နေကြောင်း စစ်ကောင်စီ ဝါဒဖြန့် သတင်းတွင်ဖော်ပြထားသည်။

·         ကြံ့ခိုင်ရေးပါတီဝင်များကို PDF များက ထပ်မံထိခိုက်လာရင် လက်လုပ် သေနတ်၊ တူမီး၊ ဓား၊ လှံ၊ ဝါးချွန်အပါအဝင် လက်လုပ်မိုင်းများ စနစ်တကျ ကိုင်ဆောင်ပြီး စစ်ကောင်စီ လက်အောက်ခံ နယ်မြေခံတပ်၊ ရဲတို့နဲ့ ပူးပေါင်းပြီး တုန့်ပြန်ကာကွယ် သွားမည်ဖြစ်ကြောင်း မကွေးတိုင်းဒေသ ဂန့်ဂေါခရိုင် USDP ပါတီ၏တာဝန်ခံ ဗဟိုကော်မတီဝင် ဖြစ်သူ ဘူးလတ်လှဆွေမှ ပြောသည်။

·         အာဆီဘံ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးအစည်းအဝေးကို စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး တက်ရောက် ခဲ့ပြီး NUG/CRPH ၏လုပ်ရပ်များကို ရှုတ်ချရန် အမေရိကန်နှင့် အာဆီယံနိုင်ငံများကို တိုက်တွန်းခဲ့ကြောင်း စကစ ဝါဒဖြန့် သတင်းစာတွင် ဖော်ပြထားသည်။

·         ချင်းပြည်နယ်၏ ဝေးလံခေါင်ဖျားသည့်ဒေသများမှ ပြည်သူများကို ဆေးကုပေးနေသည့် ဆရာဝန်မလေး ဒေါက်တာ အေးငြိမ်းသူ ကို အကြမ်းဖက်စစ်ကောင်စီမှ CDF များကို ဆေးကုပေးနေသည်ဟု စွတ်စွဲကာ ဖမ်းဆီးနိုင်ရန်အတွက် သတင်းပေးရန် စစ်ကောင်စီ ဝါဒဖြန့် သတင်းစာမှ တဆင့် ကြေညာထားသည်။

အမျိုးသားညီညွှတ်ရေးအစိုးရ

·         အဖိုးအခမရဘဲ တပ်တွင်းတွင် သာရေး နာရေး လူမှုရေးနှင့် မဆိုင်ဘဲ အထက်အရာရှိ၏ အိမ်တွင် အလုပ်နှင့် မသက်ဆိုင်သော ကိစ္စများ လုပ်ရခြင်း တချိန်တည်းမှာ အရာရှိ အမျိုးသမီး၏ စေခိုင်းသောကိစ္စများ လုပ်ရ ခြင်း ၊မလုပ်လျှင် အပြစ်ပေး အရေးယူသည့် ပုံစံမျိုး ဖြစ်လာခြင်းသည် လုပ်အားစေခိုင်းခြင်းမကဘဲ လုပ်အား အမြတ် ထုတ်ခြင်း ဖြစ်ကြောင်း NUG လူ့အခွင့်အရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းမှ ပြည်သူမှ ပြည်သူသို့ စကားဝိုင်းတွင် ပြောသည်။

·         အမျိုးသားညီညွတ်ရေးအစိုးရ NUG နိုင်ငံခြားရေးဝန်ကြီးဌာန နှင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ရှိ သူများ ယနေ့ တွေ့ဆုံ၍ မြန်မာ့နိုင်ငံရေးအခြေအနေ ဆွေးနွေးကြောင်း NUG က တရားဝင်သတင်း ထုတ်ပြန်သည်။

·         အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာန၊ အတိုင်ပင်ခံ ဒဲရစ်ချောလက်သည် ကုလသမဂ္ဂဆိုင်ရာ မြန်မာနိုင်ငံ အမြဲတမ်း ကိုယ်စားလှယ် ဦးကျော်မိုးထွန်းနှင့် စက်တင်ဘာ ၂၃ ရက်နေ့က အမေရိကန်နိုင်ငံ နယူးယောက် မြို့တွင် တွေ့ဆုံခဲ့သလို အမျိုးသား ညီညွတ်ရေး အစိုးရကိုယ်စားလှယ်များနှင့်လည်း အွန်လိုင်းကနေ ဆွေးနွေး ခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံရုံးက ထုတ်ပြန်ထားသည်။

·         စစ်အုပ်စု၏  ကြောက်မက်ဖွယ် အကြမ်းဖက်မှုဒဏ် ရင်ဆိုင်နေရသော မြန်မာပြည်သူများအတွက် အမျိုးသားညီညွတ်ရေး အစိုးရ၏  ဦးဆောင်မှုဖြင့် စူးစိုက် ဆောင်ရွက်မှုများကို  အသိအမှတ်ပြုကြောင်း အမေရိကန်နိုင်ငံခြား ရေး ဝန်ကြီးဌာန၊ အတိုင်ပင်ခံ ဒဲရစ်ချောလက်က ပြောသည်။

·         NUG အစိုးရ၏  ယာယီသမ္မတ ဒူဝါလရှီးလ က တိုင်းပြည်ကို အရေးပေါ် အခြေအနေ ကြေညာခဲ့ပြီးနောက် နှစ်ပတ်အ တွင်း စစ်ကောင်စီလက်အောက်တွင် တာဝန်ထမ်းဆောင်နေဆဲ စစ်သားနှင့် ရဲတပ်ဖွဲ့ဝင် ၄၅၃ ဦး အာဏာ ဖီဆန်ရေး လှုပ်ရှားမှု CDM ပါဝင်ရန် ဆက်သွယ်လာကြောင်း  အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဋ္ဌာန အမြဲတမ်းအတွင်းဝန် ဦးနိုင်ထူးအောင် က ပြောသည်။

တော်လှန်ရေးလှုပ်ရှားမှုများ

·         မော်လမြိုင်မြို့က ပြည်နယ်ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနရုံးမှာ ဆိုင်ကယ်လိုင်စင် လာလုပ်သူတွေရဲ့ အသက်အန္တရာယ် တာဝန်ယူတော့မှာ မဟုတ်ကြောင်း မွန်ပြည်နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ MPDF က ဒီကနေ့မှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။

·         မန္တလေးမြို့၊ စိန်ပန်းတွင် ယမန်နေ့ညပိုင်း ကိုပေါက်ကြီး ဆိုသော ပြည်သူတစ်ဦးကို စစ်တပ်နှင့်ပျူစောထီးများက ယမန်နေ့ညပိုင်း ဖမ်းဆီးခေါ်ဆောင်သွားပြီး စိန်ပန်းတာရိုးပေါ်တွင် ပစ်သတ်ထားခဲ့ကြောင်း ဒေသခံများက ပြောသည်။

·         မန္တလေးမြို့တွင် မန္တလေးစစ်အာဏာရှင်တိုက် ဖျက်ရေး သပိတ်တပ်ပေါင်းစုသည် ဖက်ဆစ် စစ်တပ် ချေမှုန်းရေး အတွက် စက်တင်ဘာလ ၂၄ ရက်နေ့ နံနက်ပိုင်း ချီတက် သပိတ်မှောက်ကြသည်။

·         မန္တလေးမြို့တွင် မန္တလာ ၊ ချမ်းစည် ၊ သမဝါယမ၊ မဟာ အောင်မြေ ၊ စက်မှု သပိတ်စစ်ကြောင်းများသည် စုပေါင်း၍ စက်တင်ဘာလ ၂၄ ရက်နေ့ နံနက်ပိုင်း စစ်အာဏာရှင်ဖြုတ်ချရေး ချီတက် သပိတ်မှောက်ကြသည်။

·         မန္တလေးတွင် သံဃာသမဂ္ဂဆရာတော်များနှင့် သံဃာတော်များက စစ်အာဏာရှင်ဖြုတ်ချရေးအတွက် ယနေ့ စက်တင်ဘာလ ၂၄ ရက်နေ့တွင် ချီတက် ဆန္ဒပြကြကြောင်း သိရှိရသည်။

·         စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်တွင် အကြမ်းဖက် စစ်တပ်ပြုတ်ကျရေးအတွက် ပြသည်သူများက စက်တင်ဘာလ ၂၄ ရက်နေ့ ချီတက် သပိတ်မှောက်ကြသည်။

·         အကြမ်းဖက် ဖက်ဆစ်စစ်တပ် ဖြုတ်ချရေး စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်တွင်းရှိ ကျေးရွာများမှ တော်လှန်တက်ကြွ ပြည်သူများစုပေါင်းပြီး ၁၉၈ ရက်မြောက်သပိတ်စစ်ကြောင်းဖြင့် ကျေးရွာများအတွင်း လှည့်လည် ချီတက်ဆန္ဒပြကြသည်။

·         စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့၊ ကျီကုန်း (မြောက်)ရွာကို ယနေ့ စက်တင်ဘာလ ၂၄ ရက် နံနက် ၈ နာရီခွဲခန့်တွင် ကံထူးမရွာ ရဲစခန်းမှ ရဲတပ်သားများနှင့် တန့်ဆည်မှ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထပ်မံ ဝင်ရောက်လာပြီး မီးတင်ရှို့နေကြောင်း ဒေသခံများထံမှ သိရသည်။

·         စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ ညောင်ဇီးကုန်းအုပ်စု၊ ကျီကုန်းရွာကို မီးရှို့ပြီး ပြန်လာတဲ့ စစ်ကောင်စီလက်အောက်ခံ အကြမ်းဖက် ရဲကားနှစ်စီး ကံထူးမလမ်းပိုင်း တောင်ပို့ရင်းတံတားမှာ မိုင်းဆွဲတိုက်ခိုက်ခံရကြောင်း သိရသည်။

·         စစ်ကိုင်းတိုင်း ချင်းတွင်းမြစ်အတွင်းရှိ ဆားလင်းကြီးမြို့နယ်နှင့် မုံရွာသို့ ကူသန်း ပြေးဆွဲပေးနေသည့် ခရီးသည်တင် စက်လှေတစ်စီးကို  စက်တင်ဘာလ ၂၃ရက်နေ့ ညနေ၅နာရီခန့်တွင် အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့များက ပစ်ခတ်ခဲ့ ပြီး ပြည်သူတစ်ဦး ကျည်ထိမှန်ခဲ့ကြောင်း ဒေသခံပြည်သူများ ပြောဆိုချက်အရသိရသည်။

·         စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်အတွင်း စစ်ကောင်စီလက်အောက်ရှိ ရပ်ကွက်၊ ကျေးရွာအုပ်စုအားလုံးမှ အုပ်ချုပ် ရေးမှူး များအားလုံး ယခု စက်တင်ဘာလ ၃၀ ရက်နောက်ဆုံးထား၍ နုတ်ထွက်ကြရန် ချောင်းဦးမြို့နယ် ပြည်သူ့ ကာကွယ် ရေးတပ်ဖွဲ့(CHU PDF)မှ ယနေ့ စက်တင်ဘာ၂၄ ရက်တွင် သတိပေးထုတ်ပြန်သည်။

·         တနင်္သာရီတိုင်း၊ ထားဝယ်မြို့တွင် ဖက်ဆစ်စစ်တပ်ပြုတ်ကျရေးအတွက် ထားဝယ်လူငယ်များက စက်တင်ဘာလ ၂၄ ရက်နေ့ ချီတက် သပိတ်မှောက်ကြသည်။

·         တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ထားဝယ်တောင်ပိုင်းသပိတ်စစ်ကြောင်းသည် စက်တင်ဘာလ ၂၄ ရက် နံနက်တွင် အကြမ်းဖက်ဖက်ဆစ် စစ်အာဏာရှင် အမြစ်ပြတ်ကျဆုံးရေး ကြွေးကြော်ချီတက်ဆန္ဒပြကြသည်။

·         ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်တွင်  စက်တင်ဘာလ ၂၃ ရက်နေ့က ဖက်ဆစ် စစ်ကောင်စီ တော်လှန်ရေး လူငယ်များ ဦးဆောင်ကာ ညသပိတ်ပြုလုပ်ခဲ့ကြောင်း သိရသည်

·         ချင်းပြည်နယ်၊ မင်းတပ်မြို့ရဲစခန်းတွင် တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ စက်တင် ဘာလ ၂၃ ရက် ယမန်ညတွင် ရမ်းကားပစ်ခတ်လို့ ထွေအုပ်ရံးဝန်ထမ်း အမျိုးသမီးတစ်ဦး ကျည်ဆံ ထိမှန် သေဆုံးသွားကြောင်း ဒေသခံများထံမှ သိရသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required