မြန်မာနိုင်ငံတွင် မတည်မငြိမ်မှုများ ဆက်ရှိနေမှုအပေါ် စိုးရိမ်ကြောင်း အိန္ဒိယ ပြော

မြန်မာနိုင်ငံတွင် မတည်မငြိမ်မှုများ ဆက်ရှိနေမှုအပေါ် စိုးရိမ်ကြောင်း အိန္ဒိယ ပြော
Photo - AFP

စက်တင်ဘာလ ၂၄ ရက်

အိန္ဒိယအနေဖြင့် အိမ်နီးချင်း မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပေါ်နေသည့် အခြေအနေများနှင့် မတည်မငြိမ်မှုများ ဆက်ရှိနေမှုအပေါ် စိုးရိမ်ပူပန်ကြောင်း စက်တင်ဘာ ၂၂ ရက်က ထုတ်ဖော်ပြောကြားခဲ့သည်။ ဖေဖေါ်ဝါရီ ၁ ရက် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဒီမိုကရေစီလုပ်ငန်းစဥ်ဆီ မူလအတိုင်း ပြန်သွားနိုင်ရေး ရည်မှန်းလုပ်ဆောင်နေသည့် အားထုတ်မှုများကို ဆက်လက်ထောက်ခံသွားမည်ဟုလည်း အိန္ဒိယက ပြောသည်။

စက်တင်ဘာ ၂၂ ရက်က ဂျီနီဗာမြို့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ၌ ကုလသမဂ္ဂ၏ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် နှင့် အပြန်အလှန် ဆွေးနွေးမှုတစ်ခုအတွင်း ထုတ်ပြန်ခဲ့သည့် ထုတ်ပြန်ချက်တစ်စောင်၌ အိန္ဒိယက ပြောကြားရာတွင် မြန်မာနိုင်ငံရှိ လက်ရှိ ဖြစ်ပေါ်နေသည့် အခြေအနေများက ၎င်းတို့နိုင်ငံအတွက်လည်း တိုက်ရိုက် ဂယက်ရိုက်ခတ်မှုများ ရှိသည်ဟု ပြောခဲ့သည်။

စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံရှိ အခြေအနေများသည် ယိုယွင်းဆိုးရွားနေခဲ့ကြောင်း၊ ယင်းအတွက်ကြောင့် လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ထိခိုက်သေကျေမှုများ ထပ်မံမဖြစ်ပွားစေရေး ရှောင်လွဲနိုင်ရန် နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် “လမ်းကြောင်း ပြောင်း ဆောင်ရွက်ရမည်” ဖြစ်ကြောင်း ကုလ ကျွမ်းကျင်သူ တွန် အန်ဒရူးစ်က လုံခြုံရေးကောင်စီကို ပြောခဲ့သည်။

အန်ဒရူးစ်၏ အစီရင်ခံစာနှင့်ပတ်သက်ပြီး အိန္ဒိယ ကိုယ်စားလှယ် ပါဝမ်ခူးမား ဘက်ဒ်ဟီက ပြောကြားရာတွင် “မြန်မာနိုင်ငံနှင့်အကြား ရှည်လျားသည့် နယ်နိမိတ်တစ်ခု ထိစပ်နေသည့် နိုင်ငံတစ်နိုင်ငံ ဖြစ်သည့် အိန္ဒိယအတွက် လက်ရှိ မြန်မာနိုင်ငံတွင် အရှိန်မြင့်နေသည့် အခြေအနေများက စိုးရိမ်ပူပန်စရာ တစ်ခု ဖြစ်နေကြောင်း၊ မြန်မာနိုင်ငံတွင် မတည်မငြိမ်မှုများ ဆက်ရှိနေခြင်းက အိန္ဒိယအတွက် တိုက်ရိုက် ဂယက်ရိုက်ခတ်မှုများ ရှိကြောင်း၊ မိမိတို့အနေဖြင့်လည်း မြန်မာနိုင်ငံကနေ အိန္ဒိယဘက်သို့ နယ်စပ်ဖြတ်ကာ ဝင်ရောက်လာသူများဆိုင်ရာ အခြေအနေနှင့်လည်း ကြုံတွေ့ထားရကြောင်း” ပြောခဲ့သည်။

မြန်မာနိုင်ငံသား ထောင်ချီသည် အထူးသဖြင့် မီဇိုရမ်နှင့် မဏိပူရ် အပါအဝင် အိန္ဒိယ အရှေ့မြောက်ပြည်နယ်များသို့ ဝင်ရောက်ထားခဲ့ကြသည်။

မြန်မာနိုင်ငံတွင် ဒီမိုကရေစီ လုပ်ငန်းစဥ် ပြန်လည် ကျင့်သုံးနိုင်ရေးအတွက် အိန္ဒိယ၏ ထောက်ခံအားပေးမှုကို အတည်ပြုရင်း အိန္ဒိယ ကိုယ်စားလှယ်က “မိမိတို့အနေနဲ့ မြန်မာပြည်သူတွေအတွက် အပြုသဘောဆောင် ထောက်ပံ့မှုတွေ ပေးဖို့နဲ့ အတူတကွ လုပ်ဆောင်ကြဖို့ နိုင်ငံတကာ အသိုင်းအဝိုင်းကို တိုက်တွန်းချင်ပါတယ်” ဟုလည်း ပြောခဲ့သည်။

ထို့ပြင် မြန်မာနိုင်ငံနှင့် နယ်စပ်ဒေသများရှိ COVID-19 အခြေအနေအပေါ် အိန္ဒိယဘက်က စိုးရိမ်ပူပန်ကြောင်းနှင့် ကပ်ရောဂါနှင့် နိုင်ငံရေး အခြေအနေတို့ကြောင့် စီးပွားရေး လည်ပတ်လှုပ်ရှားမှု ကျဆင်းခြင်းကို ဦးတည်စေခဲ့ကြောင်း ၎င်းက ပြောခဲ့သည်။

အိန္ဒိယအနေဖြင့် မြန်မာနိုင်ငံ၏ ကပ်ရောဂါ တုံ့ပြန်မှုကို အားကောင်းစေရေး ဆေးဘက်ဆိုင်ရာ အကူအညီများ ထောက်ပံ့ပေးထားခဲ့ကြောင်းနှင့် ပြည်သူများကို အကူအညီပေးမည့် လူသားချင်းစာနာမှုဆိုင်ရာ အာဆီယံညှိနှိုင်းရေးစင်တာသို့လည်း ထည့်ဝင်ကူညီထားခဲ့ကြောင်း ၎င်းက ပြောသွားခဲ့သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly