လေထုညစ်ညမ်းမှုကြောင့် ၁ နှစ်လျှင် လူ ၇ သန်း သေဆုံးနေဟု WHO ပြောပြီး လမ်းညွှန်ချက်သစ် ချမှတ် 

လေထုညစ်ညမ်းမှုကြောင့် ၁ နှစ်လျှင် လူ ၇ သန်း သေဆုံးနေဟု WHO ပြောပြီး လမ်းညွှန်ချက်သစ် ချမှတ် 
Photo - AFP

စက်တင်ဘာ ၂၃

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ၎င်းရဲ့ လေထုအရည်အသွေး လမ်းညွှန်ချက်ကို ဗုဒ္ဓဟူးနေ့မှာ ထပ်လောင်းအားဖြည့်ပြီး လေထုညစ်ညမ်းမှုဟာ လက်ရှိမှာ လူသားတွေရဲ့ ကျန်းမာရေးအတွက် အကြီးမားဆုံး သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ခြိမ်းခြောက်မှု ဖြစ်နေပြီး ယင်းကြောင့် တစ်နှစ်လျှင် အချိန်မတိုင်ဘဲ သေဆုံးရသူပေါင်း ခုနစ်သန်းအထိ ရှိတယ်လို့ ဆိုပါတယ်။ 

လေထုညစ်ညမ်းမှု လျှော့ချရေးအတွက် အားချင်းအရေးယူမှုများ လိုအပ်နေပြီး ဆေးလိပ်သောက်သုံးကာ ကျန်းမာရေးနဲ့ မညီညွတ်စွာ စားသောက်နေထိုင်သူတွေ ရောဂါဖြစ်ရင် ထပ်တိုးဖိစီးမှု ဖြစ်စေတယ်လို့ WHO က ဆိုပါတယ်။ 

“WHO အနေနဲ့ လေထုအရည်အသွေး လမ်းညွှန်ချက် အားလုံးနီးပါးကို ချိန်ညှိထားပါတယ်၊ အခု တင်းကြပ်တဲ့ လေထုအရည်အသွေး အဆင့်သတ်မှတ်ချက်သစ်ထက် ကျော်လွန်ပြီး လေထုညစ်ညမ်းမှု ရှိရင် ဒါဟာ ကျန်းမာရေးကို သိသိသာသာ ဘေးအန္တရာယ် ဖြစ်စေမယ်ဆိုတာ သတိပေးပါတယ်”လို့ WHO က ပြောပါတယ်။ 

“ဒီ လမ်းညွှန်ချက်သစ်ကို လိုက်နာကြမယ်ဆိုရင် သန်းပေါင်းများစွာသော အသက်တွေကို ကယ်တင်နိုင်မှာ ဖြစ်တယ်”လို့ ဆိုပါတယ်။ 

အခု လမ်းညွှန်ချက်သစ်ဟာ လေထုညစ်ညမ်းမှုရဲ့ ဘေးဖြစ်စေတဲ့ သက်ရောက်မှုတွေကနေ ပြည်သူတွေကို ကာကွယ်ပေးနိုင်မှာ ဖြစ်သလို အစိုးရတွေအနေနဲ့လည်း တရားဝင်စံချိန်စံနှုန်းအဖြစ် ကျင့်သုံးလိုက်နာသွားဖို့ ရည်ရွယ်ပါတယ်။ 

လေထုအရည်အသွေး လမ်းညွှန်ချက် ခေါ် AQGs ကို ၂၀၁၅ မှာ WHO နောက်ဆုံး ထုတ်ပြန်ထားတာ ဖြစ်ပြီး ဒီ လမ်းညွှန်ချက်အရ ကမ္ဘာတစ်လွှား လေထုညစ်ညမ်းမှု သိသိသာသာ လျော့နည်းစေခဲ့ပါတယ်။ 

ဒါပေမဲ့ အဲဒီနောက်ပိုင်း ၁၆ နှစ်ကြာတဲ့အခါမှာ လေထုညစ်ညမ်းမှုဟာ အရင် သိရှိထားတာထက် ကျန်းမာရေးအပေါ် သက်ရောက်မှု ပိုကြီးကြောင်း ပြသတဲ့ သက်သေတွေ ပိုများလာတယ်လို့ WHO က ပြောလာခဲ့ပါတယ်။ 

“စုဆောင်းထားတဲ့ သက်သေတွေအရ လေထုညစ်ညမ်းမှု ထုတ်လွှတ်မှုတွေ လျှော့ချရေးဟာ လေထုအရည်အသွေးအတွက် မျှတတဲ့ အရေးယူလုပ်ဆောင်မှု ဖြစ်ပါတယ်၊ နိုင်ငံတွေနဲ့ ဒေသတွေသာမက တစ်ကမ္ဘာလုံး စံနှုန်းနဲ့ လုပ်ဆောင်ရမှာ ဖြစ်ပါတယ်”လို့ WHO က ပြောပါတယ်။ 

အခု လမ်းညွန်ချက်သစ်တွေဟာ ဂလက်စ်ဂိုးမှာ အောက်တိုဘာ ၃၁ ရက်ကနေ နိုဝင်ဘာ ၁၂ ရက်အထိ ကျင်းပမယ့် COP26 ကမ္ဘာလုံးဆိုင်ရာ ရာသီဥတုညီလာခံ မတိုင်ခင် ထွက်ပေါ်လာတာပဲ ဖြစ်ပါတယ်။ 

ရာသီဥတုပြောင်းလဲမှုနဲ့အတူ လေထုညစ်ညမ်းမှုဟာလည်း လူသားတွေရဲ့ ကျန်းမာရေးကို အကြီးဆုံးသော သဘာဝပတ်ဝန်းကျင် ခြိမ်းခြောက်မှုထဲ အပါအဝင်ပဲ ဖြစ်တယ်လို့ WHO က ပြောဆိုခဲ့ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly