တက္ကဆက်နယ်ထဲ စီးဝင်တဲ့ ရွှေ့ပြောင်းဝင်ရောက်သူတွေကို ပြည်နှင်ဒဏ်ပေးရန် အမေရိကန် စီစဉ် 

တက္ကဆက်နယ်ထဲ စီးဝင်တဲ့ ရွှေ့ပြောင်းဝင်ရောက်သူတွေကို ပြည်နှင်ဒဏ်ပေးရန် အမေရိကန် စီစဉ် 
Photo - AFP

စက်တင်ဘာ ၂၁
ရွှေ့ပြောင်းဝင်ရောက်သူ ရာပေါင်းများစွာဟာ ကလေးတွေနဲ့ ပစ္စည်းပစ္စယတွေကို သယ်ဆောင်ရင်း ရီယို ဂရန့်ဒီမြစ်က အမေရိကန်-မက္ကဆီကို နယ်စပ်ကို ရေထဲကနေ ဖြတ်သန်းကာ အမေရိကန်နယ်ထဲ ဆက်လက်ဝင်ရောက်နေကြတာကို မက္ကဆီကိုရဲ့ စီအူဒါ့ အကူညာမြို့ကနေ လှမ်းမြင်တွေ့နေရပါတယ်။ 

တက္ကဆက်နယ်စပ် ဒဲလ်ရီယိုမြို့ထဲ ရွှေ့ပြောင်းဝင်ရောက်သူ ထောင်ပေါင်းများစွာ စီးဝင်နေတာအတွက် လေယာဉ်နဲ့ ပြည်နှင်ဒဏ်ပေး ပြန်လည်ပို့ဆောင်မှုတွေကို အရှိန်မြှင့်လုပ်ဆောင်သွားမယ်လို့ အမေရိကန်က စနေနေ့မှာ ပြောထားတာပဲ ဖြစ်ပါတယ်။ 

သမ္မတ ဂျိုးဘိုင်ဒင် အစိုးရအတွက် လျင်မြန်စွာ ကြီးထွားလာနေတဲ့ အခု ရွှေ့ပြောင်းဝင်ရောက်သူများ စီးဝင်မှု အကျပ်အတည်း သက်သာလျော့ပါးရေးကို အာဏာပိုင်တွေဟာ အပတ်တကုပ် ကြိုးပမ်းနေရတာပါ။ 

ဒဲလ်ရီယိုမြို့ထဲ ဝင်ရောက်လာကြတဲ့ ဟေတီက အများဆုံးဖြစ်ကြတဲ့ ရွှေ့ပြောင်းဝင်ရောက်သူတွေကို အမေရိကန် အကောက်ခွန်နဲ့ နယ်စပ်ကာကွယ်ရေး CBP က ထိန်းချုပ်တဲ့ ဧရိယာတစ်ခုမှာ ထိန်းသိမ်းထားရှိထားပါတယ်။ မက္ကဆီကိုထဲ သွားရောက်ရာ ရီယို ဂရန့်ဒီမြစ်ကို ဖြတ်သန်းတဲ့ တံတားအောက်မှာ ထိန်းသိမ်းရေးစခန်း ထားရှိဖွင့်လှစ်ထားတာပါ။ 

ဗီဒီယိုမြင်ကွင်းတွေမှာ တံတားအောက်နဲ့ ဝန်းကျင်မှာ လူထောင်ပေါင်းများစွာကို မြင်တွေ့ရသလို ပိုင်ဆိုင်ပစ္စည်းတွေကို သယ်ပိုးရင်း မြစ်ကို ဖြတ်သန်းလာနေကြသူ အများအပြားကိုလည်း တွေ့မြင်ရပါတယ်။ 

ထိန်းသိမ်းရေးစခန်းဆီ ပို့ဆောင်ဖို့ ရှိတဲ့ ရွှေ့ပြောင်းဝင်ရောက်သူ ၁၄၀၀၀ ကျော်ထက်မနည်း ရှိတယ်လို့ ဒဲလ်ရီယို မြို့တော်ဝန် ဘရန်နိ လိုဇန်နိုက သတင်းထောက်တွေကို ပြောပါတယ်။ ဌာနေနဲ့ ဗဟိုအာဏာပိုင်နှစ်ရပ်စလုံးက ရွှေ့ပြောင်းဝင်ရောက်သူ စီးဝင်မှုအရေး ကိုင်တွယ်ဖြေရှင်းမှု တစ်စိတ်တစ်ပိုင်းအဖြစ် အမှုထမ်းတွေ၊ ဘတ်စ်ကားတွေနဲ့ လေယာဉ်တွေ စေလွှတ်လျက် ရှိနေတယ်လို့ သူက ထပ်လောင်းပြောပါတယ။ 

ဒဲလ်ရီယိုမြို့ဝင်ဆိပ်ကမ်းကိုလည်း ယာယီပိတ်ထားပြီး တံတားပေါ်မှာ ယာဉ်ကြောပိတ်ဆို့နေတာကို လျော့ပါးအောင် လမ်းလွှဲဖန်တီးပေးထားရပါတယ်။ 

“နောက်ထပ် နယ်ရပ်နှင်မယ့် အစီအစဉ်တွေကို အရှိန်မြှင့် လုပ်ဆောင်သွားမှာ ဖြစ်ပြီး လာမယ့် ၇၂ နာရီအတွင်းမှာ ဟေတီနဲ့ အခြား လာရာအရပ်တွေဆီ အခု ရွှေ့ပြောင်းဝင်ရောက်သူတွေကို ပြန်လည်ပို့ဆောင်ဖို့ လေယာဉ်တွေကလိုလည်း တိုးချဲ့ချသွားမှာ ဖြစ်တယ်”လို့ အမိမြေလုံခြုံရေးဌာနက ပြောပါတယ်။ 

ဂျိုးဘိုင်ဒင်အစိုးရဟာ ရွှေ့ပြောင်းဝင်ရောက်သူ ထုနဲ့ ထည်နဲ့ လူအုပ်ကို လျှော့ချသွားနိုင်ရေးနဲ့ အမေရိကန် မြေပေါ်မှာ ရွှေ့ပြောင်းဝင်ရောက်သူတွေအတွက် အခြေအနေတွေ ကောင်းမွန်ရေးကို ဖော်ဆောင်လုပ်ကိုင်နေပြီး ဒေသတွင်း လာရာရင်းမြစ်နိုင်ငံတွေနဲ့ အကူးအပြောင်းနိုင်ငံတွေနဲ့လည်း လက်တွဲလုပ်ဆောင်လျက် ရှိနေတယ်လို့ ထုတ်ပြန်ချက်မှာ ဆိုထားပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly