အမျိုးသမီးတွေ အလုပ်လုပ်တာကို တာလီဘန်တွေ တားမြစ်လာ၍ ကန့်ကွက်ဆန္ဒပြ 

အမျိုးသမီးတွေ အလုပ်လုပ်တာကို တာလီဘန်တွေ တားမြစ်လာ၍ ကန့်ကွက်ဆန္ဒပြ 
Photo - AFP

စက်တင်ဘာ ၂၁

အမျိုးသမီးတွေ အလုပ်လုပ်ခွင့်ကို တားမြစ်တဲ့ တာလီဘန်တွေရဲ့ လက်တွေ့ဖော်ဆောင်လာမှုဟာ တနင်္လာနေ့မှာ ရုပ်လုံးစတင်ပေါ်လာတာကြောင့် အခွင့်အရေးတွေ သိသိသာသာ ဆုံးရှုံးရတာတွေအတွက် စိတ်ဆိုးဒေါသထွက်ကြရပါတယ်။ 

အလယ်တန်းပညာသင်ကြားရေးမှာ ဆရာမတွေနဲ့ ကျောင်းသူ သန်းပေါင်းများစွာကို တားမြစ်ပိတ်ပင်လာပြီးနောက်မှာ ခုလို စိတ်ဆိုးဒေါသထွက်ကြတာလည်း ဖြစ်ပါတယ်။ ကဘူးလ်မြို့တော်မှာ တနင်္ဂနွေနေ့က အမျိုးသမီး တစ်ဒါဇင်ခန့်ဟာ ပိုမိုတဲ့ အခွင့်အရေးတွေအတွက် ဆန္ဒပြခဲ့ကြပါတယ်။ 

တာလီဘန်တွေဟာ ၁၉၉၀ ခုနှစ်တွေက ၎င်းတို့ရဲ့ ရက်စက်ဖိနှိပ်တဲ့ အုပ်ချုပ်ရေးကနေ ပျော့ပြောင်းတဲ့ အုပ်ချုပ်ရေး ဖြစ်စေရမယ်လို့ ကတိခံထားတာဖြစ်ပေမယ့် အာဖဂန်နစ္စတန်နိုင်ငံကို သိမ်းပိုက်ပြီး တစ်လအတွင်းမှာပဲ အစ္စလာမ္မစ်မူဘောင်အောက်မှာ အမျိုးသမီးတွေရဲ့ လွတ်လပ်ခွင့်တွေကို တင်းကြပ်စွာ ချုပ်ကိုင်လာနေတော့တာ ဖြစ်ပါတယ်။

“ကျွန်မတော့ သေတာနဲ့ မခြားဘူး”လို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှာ အကြီးတန်းရာထူးကနေ ထုတ်ပယ်ခံရတဲ့ အမျိုးသမီးတစ်ဦးက ပြောပါတယ်။ 

“ကျွန်မဟာ ဌာနခွဲတစ်ခုလုံးရဲ့ ဌာနကြီးမှူးပါ၊ ကျွန်မနဲ့အတူ တွဲလုပ်နေတဲ့ အမျိုးသမီးတွေ တော်တော်များများ ရှိပါတယ်၊ ခုတော့ ကျွန်မတို့အားလုံး ကျွန်မတို့ရဲ့ အလုပ်တွေ ဆုံးရှုံးရပါပြီ”လို့ သူက အေအက်ဖ်ပီကို ပြောပြီး လက်စားချေ တုံ့ပြန်မှာကို ကြောက်ရွံ့တဲ့အတွက် အမည်မဖော်ပြဖို့ အလေးထား ပြောဆိုပါတယ်။ 

ကဘူးလ်မြို့တော်ရဲ့ ယာယီမြို့တော်ဝန်ကလည်း လက်ရှိ အမျိုးသမီးတွေ လုပ်ကိုင်နေတဲ့ မြူနီစပယ်အလုပ်မှန်သမျှမှာ အမျိုးသားတွေကို အစားထိုးသွားမယ်လို့ ပြောလာခဲ့ပါတယ်။ 

ဒီမတိုင်ခင်က ပညာရေးဝန်ကြီးဌာနဟာ အလယ်တန်းကျောင်းတွေဆီ ဆရာတွေနဲ့ ကျောင်းသားတွေ အခုသီတင်းပတ်ကုန်မှာ သွားရောက်တက်ရောက်ကြဖို့ အမိန့်ထုတ်လာပေမယ့် နိုင်ငံရဲ့ အမျိုးသမီးပညာရေးဝန်ထမ်းနဲ့ ကျောင်းသူ သန်းပေါင်းများစွာကို ထည့်သွင်းရည်ညွှန်းမထားဘဲ အမိန့်ထုတ်ပြန်ထားတာပဲ ဖြစ်ပါတယ်။ 

တာလီဘန်တွေဟာ ယခင်အစိုးရရဲ့ အမျိုးသမီးဝန်ကြီးဌာနကို ပိတ်သိမ်းလိုက်ပုံလည်း ရပြီး ပထမ အာဏာရစဉ်က ကျင့်သုံးခဲ့တဲ့ ဘာသာရေးအယူဝါဒ အာဏာတည်စေရေး ဌာနတစ်ရပ်အဖြစ် အစားထိုးမယ့် ပုံရှိနေပါတယ်။ 

နိုင်ငံကို အုပ်ချုပ်သူသစ် တာလီဘန်တွေဟာ အမျိုးသမီးတွေကို အလုပ်လုပ်ခွင့်က တားမြစ်တာကို တရားဝင် ရှင်းရှင်းလင်းလင်း မထုတ်ပြန်ပေမယ့်လည်း သီးခြားတာဝန်ရှိသူတွေရဲ့ ညွှန်ကြားချမှတ်တာတွေကတော့ အမျိုးသမီးတွေကို လုပ်ငန်းခွင်တွေကနေ ဖယ်ရှားရှင်းလင်းနေတာပဲ ဖြစ်ပါတယ်။ 

အာဖဂန်အမျိုးသမီး အများစုဟာ သူတို့အနေနဲ့ အရေးပါတဲ့ အလုပ်အကိုင် ဘယ်တော့မှ ရှာတွေ့နိုင်တော့မှာ မဟုတ်ဘူးဆိုပြီးလည်း စိုးရိမ်ပူပန်လျက် ရှိနေကြပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly