စစ်ပွဲများနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ တပြိုင်တည်းဖြစ််််နေသော တိုင်းပြည်

စစ်ပွဲများနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ တပြိုင်တည်းဖြစ််််နေသော တိုင်းပြည်
မိုင်းရှူးမြို့နယ်ရှိ ယာယီနေရပ် စွန့်ခွာ တိမ်းရှောင်သူစခန်းရှိ စစ်ပြေးဒုက္ခသည်များအား ၂၀၁၅ ခုနှစ် ဒီဇင်ဘာ ၄ ရက်က တွေ့ရစဉ်။ (ဓာတ်ပုံ-OCHA)

ရှမ်းပြည် မိုင်းရှူးမြို့နယ်ထဲမှာ ရှမ်းလက်နက်ကိုင် SSPP တပ်ဖွဲ့များနဲ့ အစိုးရစစ်တပ် တပ်ဖွဲ့များ ဒီရက်အတောအတွင်း တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေပါတယ်။ ဒီတိုက်ပွဲသတင်းတွေနဲ့အတူ ထုံးစံအတိုင်း စစ်ဘေးဒုက္ခသည်တွေရဲ့ သတင်းတွေကိုလည်း စိတ်မကောင်းဖြစ်စွာ ကြားလာမြင်လာကြရပါတယ်။

စစ်ဘေးဒုက္ခသည်တွေကို အကူအညီပေးဖို့အတွက် ပုဂ္ဂိုလ်တစ်ဦးချင်းအလိုက် အဖွဲ့အစည်းအလိုက် အဲဒီစစ်ဘေးဒုက္ခသည် စခန်းတွေဆီ ကသုတ်ကရက် သွားကြရ ကူညီကြရပြန်ပါတယ်။

စစ်ဘေးရှောင် ဒုက္ခသည်စခန်းတစ်ခုဖြစ်တဲ့ ဟိုင်းပါဒုက္ခသည် စခန်းကို ရောက်လာတဲ့ ကလေးမိခင်တစ်ဦးရဲ့ သတင်းဌာနတစ်ခုကို ပြောပြတဲ့စကားတချို့က တကယ့်ကို ကြေကွဲရင်နာဖို့ ကောင်းပါတယ်။ သူဟာ သူ့လင်သားနဲ့အတူ တိုက်ပွဲတွေကြား ထွက်ပြေးလာကြရင်းက ကျောက်ဂူတစ်ခုအတွင်း သေနတ်သံတွေအောက်မှာ မီးဖွားလာခဲ့ရတဲ့အကြောင်း ချက်ကြိုးကို အိမ်ကပါလာတဲ့ ရိုးရိုးကပ်ကြေးနဲ့ပဲ ဖြတ်ခဲ့ရကြောင်း ယောင်္ကျားလုပ်သူကိုယ်တိုင်က မွေးပေးခဲ့ရကြောင်း၊ မီးမမွှေးရဲလို့ ထမင်းကြမ်းခဲနဲ့ ရေနဲ့ပဲ စားခဲ့ရကြောင်း ပြောပြခဲ့တာကို ဖတ်ကြရပါတယ်။

စစ်ပွဲတွေရယ်လို့ ဖြစ်လာရင် ပထမဆုံး ကျဆုံးသွားတဲ့အရာဟာ အမှန်တရားသာ ဖြစ်တယ်ဆိုပေမယ့် အဲဒီကျဆုံးသွားတဲ့ အမှန်တရားထဲမှာ လူတွေရဲ့ မျက်ရည်တွေ သွေးတွေ ရောပါသွားမှာကလည်း အမှန်ပါပဲ။ စစ်ပွဲရယ်လို့ဖြစ်လာရင် ပထမဆုံး အထိအနာဆုံး ဒုက္ခအရောက်ဆုံးကလည်း ကလေးသူငယ်တွေနဲ့ အမျိုးသမီးတွေအပါအဝင် အပြစ်မဲ့တဲ့ စစ်ပွဲနဲ့ တိုက်ရိုက် မပတ်သက်တဲ့ ဒေသခံ လူထုပါပဲ။

အခုလို ရှမ်းပြည်ဘက်မှာ စစ်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေတဲ့ တချိန်တည်းမှာပဲ၊ စစ်ပွဲတွေကြောင့် စစ်ဘေးဒဏ်ထိ ဒုက္ခသည်တွေ တိုးပွားလာနေတာနဲ့ တချိန်တည်းမှာပဲ နေပြည်တော်မှာတော့ ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေ ဆက်တိုက် ပြုလုပ်နေတာ တွေ့ကြရပါတယ်။

မိမိတို့တိုင်းပြည် အစိုးရနဲ့ ယှဉ်ပြိုင်တိုက်ခိုက်နေကြတဲ့ လက်နက်ကိုင်အဖွဲ့များစွာ ရှိတဲ့အနက် လက်နက်ကိုင်အဖွဲ့ (၈) ဖွဲ့ကတော့ ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၅ ရက်နေ့ကတော့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ်ကို အစိုးရနဲ့ လက်မှတ်ထိုး ချုပ်ဆိုခဲ့ပါတယ်။ ဒါပေမယ့်လည်း အဲဒီ ၈ ဖွဲ့သာလျင် အပစ်အခတ်ရပ်စဲရေးစာချုပ် လက်မှတ်ရေးထိုးနိုင်ပေမယ့် တခြား အင်အားကြီးလက်နက်ကို အချို့ ပါဝင်တဲ့ လက်နက်ကိုင်အဖွဲ့များကတော့ ခုထက်ထိ အောင်မြင်စွာ လက်မှတ်ရေးထိုးခြင်း မပြုနိုင်သေးပါဘူး။ ဒါကိုလည်း လွှတ်တော်မှာ တင်ပြဆွေးနွေးပြီး အတည်ပြုနိုင်ခဲ့ပါတယ်။

ဒီကြားထဲ ကျန်ရှိနေသေးတဲ့ အပစ်အခတ်ရပ်စဲရေး လက်မှတ်မထိုးနိုင်သေးတဲ့ လက်နက်ကိုင်အဖွဲ့များနဲ့ ဆက်လက်ညှိနှိုင်းမှုများ ပြုလုပ်နိုင်ဖို့ကိုလည်း နှစ်ဘက်စလုံးက ဆန္ဒရှိနေကြောင်း ထုတ်ဖော်ပြောကြားထားကြပါတယ်။ ပြည်ထောင်စု ငြိမ်းချမ်းဆွေးနွေးရေး ပူးတွဲကော်မတီ UPDJC နဲ့ ပစ်ခတ်တိုက်ခိုက်မှုဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ JMC တို့ကလည်း အဆင့်ဆင့် ဆွေးနွေးညှိနှိုင်းမှုများ ဆက်တိုက် ပြုလုပ်နေပြီး အဲဒီဆွေးနွေးပွဲတွေ ပြီးစီးသွားရင် နိုင်ငံတော်သမ္မတထံ တရားဝင် ပေးအပ်သွားမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။

ဒါတွေကို ကြည့်တဲ့အခါ ပြည်သူတွေက ဘက်နှစ်ဘက်စလုံးကိုယ်တိုင်က စစ်ပွဲတွေ ရပ်စဲဖို့ ကြိုးစားနေကြပါတယ်ဆိုတဲ့ အချက်ကို သံသယရှိလာရပါတယ်။ တဖက်က စစ်ရပ်စဲရေးစာချုပ်တွေ အပစ်အခတ်ရပ်စဲရေး စာချုပ်တွေ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ ပြုလုပ်နေတဲ့ တချိန်တည်းမှာ တဖက်မှာကလည်း သေနတ်သံတွေက အသံမစဲအောင် ကြားနေကြရပြန်တော့ ပြည်သူတွေ သံသယဝင်မယ်ဆိုရင်လည်း ဝင်စရာပါ။ မီးစတစ်ဖက် ရေမှုတ်တစ်ဖက်လမ်းစဉ်နဲ့ သွားနေကြတာများလားဆိုတဲ့ ဆန်းစစ်ချက်တွေလည်း ထွက်ပေါ်လာကြရပါတယ်။

စစ်ပွဲတွေ ရပ်စဲသွားစေရေး ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး လေ့လာစောင့်ကြည့်သူတချို့ရဲ့ အယူအဆတစ်ခုကတော့ စစ်ပွဲတွေ အမှန်တကယ် ငြိမ်းသွားစေဖို့ဆိုရင် စစ်ဖြစ်နေသူအားလုံးမှာ စစ်မဖြစ်ချင်တဲ့ စိတ်ဆန္ဒ အမှန်တကယ် ရှိမှု မရှိမှုအပေါ် မူတည်တယ်လို့ ဝေဖန်ပြောကြားတာလည်း ရှိပါတယ်။

အခုတော့ နေပြည်တော်မှာ ငြိမ်းချမ်းရေးတွေ ဆွေးနွေး တချိန်တည်းမှာပဲ စစ်ပွဲတွေက တောက်လျှောက် ဖြစ်ပွားနေဆိုတော့ကာ မိမိတို့နိုင်ငံ စစ်ပွဲတွေနဲ့ပတ်သက်ပြီး တာဝန်ရှိသူများ အားလုံးဟာ အမှန်တကယ်ကော စစ်ပွဲတွေ ငြိမ်းသွားစေချင်တဲ့ဆန္ဒ ရှိမှရှိကြပါ့မလားဆိုတာ သံသယ ဖြစ်စရာပါ။

ဘယ်လိုပဲဖြစ်ပါစေ။ ပြည်သူတွေကတော့ စစ်ပွဲတွေကို မုန်းတီးနေကြတာ ကြာပါပြီ။ စစ်ပွဲတွေကြောင့် ဒုက္ခရောက်ခဲ့တာလည်း ကြာပါပြီ။ စစ်ပွဲတွေကြောင့် တိုင်းပြည် ဆင်းရဲမွဲတေ နစ်နာနေတာလည်း ကြာပါပြီ။ ဒါကြောင့်မို့ စစ်ပွဲတွေနဲ့ပတ်သက်ပြီး တာဝန်ရှိသူများအနေနဲ့ တိုင်းပြည်မျက်နှာ ထောက်ထားကာ စစ်ပွဲများ အမြန်ဆုံး ရပ်စဲသွားစေရေး သည့်ထက်မှန်ကန်စွာ ကိုင်တွယ်ဖြေရှင်း သွားဖို့ လိုအပ်ကြောင်း တင်ပြလိုက်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly