နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု ( ၁၉ စက်တင်ဘာ ၂၀၂၁)

နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု ( ၁၉ စက်တင်ဘာ ၂၀၂၁)
(Photo : : CJ - စက်တင်ဘာလ ၁၉ ရက်၊ မန္တလေးမြို့မှ ဒေသခံပြည်သူများ၏ အကြမ်းဖက်စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်)

စက်တင်ဘာလ ၁၉ ရက်

စစ်ကောင်စီ

· ၂၀၁၅ ခုနှစ် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲတွင် အစိုးရသစ်တစ်ရပ်တက်လာခဲ့ပြီး ၅ နှစ်တာ သက်တမ်း အုပ်ချုပ်ခဲ့ရာတွင် အစိုးရ၏လုပ်ဆောင်ချက်များအပေါ်တွင် ဝေဖန် ပြောဆိုမှုများ၊ ဝေဖန်ထောက် ပြမှုများ များစွာဖြစ်ပေါ်ခဲ့ပြီး တိုင်းပြည်၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ဘက်ပေါင်းစုံတွင် ထိုက်သင့်သလောက် တိုးတက်မှုများ မဖြစ်ပေါ် ခဲ့ကြောင်း အာဏာလုစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ကချင်ပြည်နယ် အတွင်းရှိသည့် တပ်များကို ဝါဒဖြန် ပြောဆိုခဲ့သည်။

· ကမ္ဘာပေါ်ရှိ မည်သည့်အစိုးရပင်ဖြစ်စေ တိုင်းပြည်တိုးတက်အောင် တတ်စွမ်းသရွေ့ ကြိုးပမ်း ဆောင်ရွက် ကြရသည့်အတွက် မိမိတို့အစိုးရအနေဖြင့် လည်း တိုင်းပြည်သာယာ ဝပြောရေးနှင့် စားနပ်ရိက္ခာ ပေါများရေး ကို ဦးစားပေးလုပ်ဆောင်ပေးနေကြောင်း အာဏာလုစစ်ခေါင်းဆောင် မင်းအောင်လှိုင် ကပြောသည်။

· သယံဇာတအားကိုပါက ရေရှည်တွင် အခက်အခဲဖြစ်လာနိုင်သည့်အတွက် တိုင်ပြည်အတွက် အာမခံချက် ရှိသည့် ထုတ်လုပ်မှုများကို လုပ်ဆောင်စေလိုကြောင်း ကချင်ပြည်နယ် သံဇတယများ အလွန်အကျွံ့ ထုတ်ယူရောင်းစာနေသော စစ်အုပ်ခေါင်းဆောင် မင်းအောင်လှိုင်ကပြောသည်။

· မြို့ရွာများကို မီးရှို့ဖျက်ဆီးနေသည့် စစ်အုပ်စုမှ ၎င်းတို့၏ ဝါဒဖြန့် သတင်းစာများတွင် လွိုင်ကော်ပြည်သူ့ ဆေးရုံကို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်လေးဦးမှ လက်နက်ငယ်ဖြင့် ပစ်သည်ဟု စွတ်စွဲပြောဆို ဝါဒဖြန့်ထားသည်။

အမျိုးသားညီညွှတ်ရေးအစိုးရ

· စစ်ကောင်စီက ကျူးလွန်ခဲ့သည့် စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းအတွင်းက ပြည်သူအစုလိုက် အပြုံလိုက် သတ်ဖြတ်ခံရမှုများနှင့် ပတ်သက်ပြီး ကုသသမဂ္ဂလူ့အခွင့်အရေး ကောင်စီကို ယနေ့တွင် အစီရင်ခံစာ တင် သွင်းလိုက်ပြီဖြစ်ကြောင်း NUG လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းက သတင်းထုတ်ပြန်သည်။

· အာဏာသိမ်းအကြမ်းဖက်စစ်အုပ်စု၏ ပြည်သူလူထုအပေါ် အကြမ်းဖက်ဖိနှိပ် ဖမ်းဆီးတိုက်ခိုက် သတ်ဖြတ် နေမှုများကို ပြည်သူလူထုတစ်ရပ်လုံးက အသက်ရှင်သန်ရေးအတွက် မိမိကိုယ်ကိုယ်ကိုမိမိ ခုခံကာကွယ် ပိုင်ခွင့်အရ၊ ပြည်သူ့ခုခံစစ် (Peoples Defensive War) ကို ဆင်နွှဲလျက်ရှိရာ၊ သတင်းအချက်အ လက်များ အရ (၁၈.၉.၂၀၂၁) ရက်နေ့တွင် ရန်သူ့စစ်ရေးပစ်မှတ် - အုပ်ချုပ်ရေးပစ်မှတ် - ၁၁ စီးပွားရေးပစ်မှတ် - ၁၀ နေရာတို့ကို ခုခံတိုက်ခိုက်နိုင်ခဲ့ကြောင်း NUG မှ ထုတ်ပြန်ထားသည်။

· မြန်မာနိုင်ငံတွင် စစ်ကောင်စီ၏ သတ်ဖြတ်ဖမ်းဆီးမှုများ ဆက်ဖြစ်နေသည့် အတွက် နိုင်ငံတကာ အသိုင်း အဝိုင်း အနေဖြင့် မြန်မာနိုင်ငံနှင့် ပတ်သက်ပြီး ''ချက်ချင်းလုပ်ဆောင်မယ့်၊ အပြုသဘောဆောင်တဲ့၊ ထိ ရောက်တဲ့၊ ပူးပေါင်းလုပ်ဆောင်တဲ့၊ ရလဒ်ကိုအခြေခံတဲ့ အရေးယူဆောင်ရွက်ချက်တွေ' အရေးတကြီး လုပ်ရန် လိုအပ်နေကြောင်း ကုလသမဂ္ဂ၏ လက်ရှိ မြန်မာနိုင်ငံဆိုင်ရာသံအမတ်ကြီး ဦးကျော်မိုးထွန်းက ကုလ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူးတားရက်စ်ကို စာရေးသား တောင်းဆိုလိုက်သည်။

· အာဏာသိမ်းစစ်ကောင်စီဘက်က မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်အပေါ် စွဲဆိုထားသော အမှုနှစ်ခုအတွက် စွဲချက်တင် အမိန့်ပယ်ဖျက်ရန် အပြီးသတ်လျှောက်လဲချက် ပြုလုပ်သွား မည် ဖြစ်ကြောင်း သူ၏ရှေ့နေ ဦးကျော်ညွှန့်က ပြောသည်။

တော်လှန်ရေးလှုပ်ရှားမှုများ

· ချင်းပြည်နယ်၊ ဟားခါးမြို့၊ ချင်းဦးစီးရပ်ကွက်တွင် ယမန်နေ့ည ၈ နာရီမှစတင်၍ စစ်ကောင်စီတပ်များက လက်နက်ကြီးများဖြင့် ရမ်းကားပစ်ခတ်မှုများလုပ် ဆောင်လျက်ရှိပြီး ယင်းပစ်ခတ်မှုများကြောင့် နေအိမ် တချို့ မီးလောင်ကာ ပြည်သူ ၅ ဦးထက်မနည်း ကျည်ဆန်ထိမှန်ခဲ့ကြောင်း ဟားခါး ဒေသခံများက ပြောဆိုသည်။

· အကြမ်းဖက် စစ်ကောင်စီတပ်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်၍ ထန်တလန်မြို့ပေါ်ရှိ နေအိမ် ၁၀ လုံးကျော် မီးလောင်ပျက်စီးခဲ့ပြီး မီးငြိမ်းရန် သွားသည့် TCBC အသင်းတော်၏ သင်းအုပ်ဆရာတော် Pastor Cung Biak Hmun ကို စစ်ကောင်စီတပ်သားများမှ ပစ်သတ်ကာ လက်ချောင်းဖြတ်လက်စွပ် ယူသွားကြောင်း သိရသည်။

· ရန်ကုန်တိုင်း ၊ သာကေတမြို့နယ်တွင် ယနေ့ မွန်းလွဲ ၁ နာရီ ၂၀ မိနစ်အချိန် မြင်သော်တာလမ်းမကြီး နှင့် ဇင်္ဂမလမ်းမကြီးထောင့် သာကေတ ရုပ်ရှင်ရုံ မှတ်တိုင်တွင်ရှိသော KBZ Bankရှေ့တွင် ဗုံး ပေါက်ကွဲကြောင်း သိရှိရသည်။

· ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်တွင် စစ်ကောင်စီသတင်းပေးဟု စွပ်စွဲခံရသူ မောင်ဝင်းသည် ယနေ့ နံနက် ၇ နာရီခွဲကျော်အချိန် လက်ဖက်ရည်ဆိုင်ထိုင်နေစဉ် ပစ်သတ်ခံရကြောင်း သိရှိရသည်။

· ရန်ကုန်တိုင်း မြောက်ဥက္ကလာပမြို့နယ် ယနေနံနက်၇နာရီခွဲအချိန် မြောက်ဥက္ကလာ ခြောက်ကွေ့၊ ဝေဘာဂီလမ်းနှင့် သုဓမ္မာလမ်းထောင့်တွင် ဗုံးပေါက်ကွဲမှု တစ်ရပ်ဖြစ်ပွားခဲ့ပြီး လူထိခိုက်မှုမရှိကြောင်း သိရှိရသည်။

· ရန်ကုန်တွင် တာမွေမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)က လုံခြုံရေးတင်းကျပ် နေသည့် ကြားမှ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ခြေမှုန်းရေးအတွက် "ပေတရာစီးတဲ့သွေးကျိန်စာ ဖက်ဆစ် တပ်ကိုသင့်ပါစေသား"စာသားကို ကိုင်ဆောင်၍ ယနေ့ ပျောက်ကြားသပိတ်လှုပ်ရှားမှု ပြုလုပ်ခဲ့ကြသည်။

· ရဲဘော်မဝင်းမော်ဦးကျဆုံးခြင်း (၃၃)နှစ်ပြည့်အထိမ်း အမှတ် အင်းစိန်မြို့နယ်ကျောင်းသားများ သမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ၊ ရန်ကုန်ခရိုင်လုံးဆိုင်ရာကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ အထက(၂) အင်းစိန်ကျောင်း သားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)၊အထ က(၁)အင်းစိန်ကျောင်းသားများ သမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊အထက(၃)အင်းစိန်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ အထက(၄) အင်းစိန်ကျောင်းသားများ သမဂ္ဂ(ဗကသများအဖွဲ့ချုပ်)၊ အထက(၆) အင်းစိန်ကျောင်းသားများ သမဂ္ဂ (ဗကသများအဖွဲ့ချုပ်) နှင့် အောင်ကောင်းစံကိုယ်ပိုင်အထက်တန်းကျောင်း ကျောင်းသားများ သမဂ္ဂ (ဗကသများ အဖွဲ့ချုပ်) က လူထုကြား ပြောက်ကျားဆန္ဒပြကြွေးကြော်ခြင်း လူထု နှိုး ဆော်ရေး စတစ် ကာများ လိုက်လံကပ်ခြင်း လက်ကမ်းစာစောင်ဝေခြင်းများ ပြုလုပ်ခြင်း ယနေ့ လုပ်ဆောင်ကြသည်။

· မန္တလေးတွင် 'စစ်ကျွန်မခံတို့တော်လှန် လူထုတိုက်ပွဲ တို့ဆင်နွှဲ' ဟု ကြွေးကြော်ကာ သံဃသမဂ္ဂမှ ဆရာတော် သံဃာတော်များသည် ၂၂၃ ရက်မြောက် သပိတ်စစ်ကြောင်းဖြင့် ယနေ့ မွန်းလွဲပိုင်းတွင် စစ်အာဏာရှင် ဖြုတ်ချရေး ချီတက်ဆန္ဒပြကြသည်။

· မန္တလေးတွင် ၈၈ အရေးတော်ပုံ၌ ရဲရင့်ပြောင်မြောက်စွာ ကျဆုံးခဲ့သောအကသရဲဘော်ဟောင်း မဝင်းမော်ဦး ကျဆုံးခြင်း (၃၃)နှစ်ပြည့် ဝမ်းနည်းခြင်းအထိမ်းမှတ်နှင့်မပြီးဆုံးသေးသော ဒီမီုကရေစီတိုက်ပွဲအတွက် အာဏာရှင်စနစ်ဖြုတ်ချရေး ချမ်းအေးသာစံမြို့နယ် ကျောင်းသားများသမဂ္ဂသပိတ်စစ်ကြောင်းက ယနေ့ ချီတက် ဆန္ဒပြကြသည်။

· မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်တွင် စက်တင်ဘာလ ၁၈ ရက်နေ့ ညပိုင်းက အမှတ် ၁ ရဲစခန်းအပါအဝင် နေရာတချို့တွင် ဗုံးပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရှိရသည်။

· မန္တလေးတွင် ယနေ့ စက်တင်ဘာလ ၁၉ ရက်နေ့ နံနက်ပိုင်းတွင် စစ်အာဏာရှင် ဆန့်ကျင်ရေး ပိုစတာများ ချိတ်ဆွဲပြီး လူထုလှုံ့ဆော်ရေး စာရွက်များ ကျဲဖြန့်ကြကြောင်း သိရှိရသည်။

· ရန်ကုန်မှ မန္တလေးသို့ ထွက်ခွာလာသော စာပို့ရထားသည် မန္တလေးတိုင်း၊ စဉ့်ကိုင်မြို့နယ်၊ တောမကျေးရွာ အနီးတွင် ယနေ့ စက်တင်ဘာလ ၁၉ ရက် နံနက် ၇ နာရီခွဲခန့်တွင် မိုင်းခွဲခံရပြီး ရထားတွဲ ၂ တွဲ ပျက်စီးသွား ကြောင်း သတင်းရရှိသည်။

· ကချင်ပြည်နယ်သို့ရောက်ရှိနေသောစစ်ကောင်စီ ခေါင်းဆောင် မင်းအောင်လှိုင်အား ကချင်ပြည်နယ်မှ ထွက်သွား၊ သွေးကြွေးမှာ ဆွေးနွေးစရာရှိ စာတမ်းများ ချိတ်ဆွဲပြီး ကျောင်းသား လူငယ်များမှ မြစ်ကြီးနားမြို့ အထင်ကရနေရာများတွင် ယနေ့ စက်တင်ဘာလ ၁၉ ရက်၌ ပိုစတာများချိတ်ဆွဲကာ ဆန့်ကျင်ဆန္ဒပြ ကြသည်။

· တနင်္သာရီတိုင်း ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်အတွင်း စစ်အာဏာရှင် စနစ်ဆန့်ကျင်ရေး နေ့စဉ်ချီ တက်ဆန္ဒထုတ်ဖော်နေသော သပိတ်စစ်ကြောင်းကို ယနေ့ စက်တင်ဘာလ ၁၉ရက်နေ့ နံနက် ၉နာရီခွဲ အချိန်တွင် အင်းဇောက်ကျေးရွာ သပိတ်စထွက်မည့်နေရာ၌ပင် အကြမ်းဖက်စစ်ကောင်စီက ပစ်ခတ်ဖြိုခွင်းကြောင်း သိရှိရသည်။

· ထားဝယ်ခရိုင် လောင်းလုံးမြို့နယ် ဂေါ့အင်းကျေးရွာတွင် အမျိုးသားတစ်ဦး သေနတ်ဖြင့် အပစ်ခံရပြီး ဒဏ်ရာပြင်းထန်စွာ ရရှိထားကြောင်း စုံစမ်း သိရှိရသည်။

· မတရားမှုကိုတော်လှန်ရင်း အသက်ပေးကာ အဆုံးထိ တိုက်ပွဲဝင်သွားခဲ့သော ကျောင်းသူ မဝင်းမော်ဦးအား ဂုဏ်ပြုသည့်အနေဖြင့် ယ‌နေ့ စက်တင်ဘာလ ၁၉ရက်နေ့ တွင်ကျရောက်သော ၃၃ နှစ်မြောက် "ဝင်းမော်ဦးနေ့" တွင် တောင်ငူမြို့နယ် ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)မှ 'ဖက်ဆစ်စစ်တပ် အမြစ်ဖြတ်ဖို့ ကျောင်းသားလူထု တော်လှန်စို့' ပိုစတာချိတ်ဆွဲကာ ဆန္ဒပြကြသည်။

· အကြမ်းဖက် ဖက်ဆစ်စစ်တပ် ဖြုတ်ချရေး၊ အမျိုးသားညီညွတ်ရေးအစိုးရ NUG အားထောက်ခံကြိုဆိုရေး စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အတွင်းရှိ ကျေးရွာ ၁ ရွာတွင် စက်တင်ဘာလ ၁၉ ရက် ယနေ့ နံနက်ပိုင်းတွင် ကျေးရွာတွင်းလှည့်လည် ကြွေးကြော် ဆန္ဒပြကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required