လှည်းကူးတွင် ၂ ရက်အတွင်း ပြည်သူ ၅ဦး အဖမ်းခံရ

လှည်းကူးတွင် ၂ ရက်အတွင်း ပြည်သူ ၅ဦး အဖမ်းခံရ

စက်တင်ဘာ ၁၉

ရန်ကုန်တိုင်း၊ လှည်းကူးမြို့တွင် စက်တင်ဘာလ ၁၇ ရက်နေ့နှင့် ၁၈ရက်နေ့ နှစ်ရက်တာအတွင်း အနည်းဆုံး ပြည်သူ ငါးဦးခန့်ဖမ်းဆီးခံခဲ့ရသည်။

အဖမ်းခံရသူများမှာ အောင်မင်္ဂလာရပ်ကွက်၊ ကမ်းနားလမ်းမှ အသက် ၂၉နှစ်အရွယ် မယဉ်မာဆွေ၊ ရိပ်သာရပ်ကွက်၊ ရန်ကင်း (၁)လမ်းမှ အသက် ၄၀ ဝန်းကျင်အရွယ် ဦးဇော်ဇော်အောင်နှင့် ဦးထွန်းလှိုင်၊ အောင်မင်္ဂလာရပ်ကွက်၊ ငြိမ်းချမ်းဖြိုးလမ်းမှ အသက် ၅၀ ဝန်းကျင်အရွယ် ဦးသန်းဝင်း၊ အောင်မင်္ဂလာရပ်ကွက်၊ သီတာအေး (၂)လမ်းမှ အသက် ၄၇နှစ်အရွယ် ဦးမျိုးထွန်းတို့ဖြစ်ကြသည်။

ယမန်နေ့ ကစက်ရုံဆင်းလုပ်သား မယဉ်မာဆွေကို သူမ၏နေအိမ်တွင် ညနေ ၃နာရီခွဲကျော်က စစ်ကောင်စီအဖွဲ့ဝင် အရပ်ဝတ်များနှင့် ဆယ်ယောက်ကျော်ခန့် လာရောက်ဖမ်းဆီးခေါ်ဆောင်သွားသည်။

"မဆိုင်တဲ့သူ မကပ်နဲ့ဆိုပြီး သေနတ်နဲ့ချိန်ပြီးခေါ်သွားတာ၊ ဆန္ဒပြတုန်းက CDM ဆိုင်းဘုတ်ကိုင်တယ်၊ ဆန္ဒပြတုန်းက ပါတယ်ဆိုပြီး ဓာတ်ပုံပြပြီးခေါ်သွားတာ" ဟု ဒေသခံတစ်ဦးက ပြောသည်။

စက်တင်ဘာ ၁၈ရက်ညတွင်မူ ပရဟိတလုပ်ကိုင်သူ ကိုဇော်ဇော်အောင်နှင့် ကိုထွန်းလှိုင်တို့ကို စစ်ကောင်စီတပ်က ဖမ်းဆီးခေါ်ဆောင်သွားသည်။ ၎င်းတို့နှစ်ဦးမှာ ကရုဏာရှင်လူမှုကူညီရေးအသင်းနှင့် AC 16 ကူညီမှုအသင်းတွင် ပါဝင်ကူညီနေသူများဖြစ်ကြသည်။

ထို့အတူ စက်တင်ဘာ ၁၇ရက်နေ့ ညပိုင်းက အလွတ်သတင်းထောက်ဟောင်း ဦးသန်းဝင်းကို ၁၀ ယောက်ကျော် ပါဝင်သော စစ်ကောင်စီတပ်က ည ၁၀ နာရီအချိန်ခန့်တွင် လာရောက်ဖမ်းသွားသည်။

ထို့အပြင် သီတာအေး (၂) လမ်းတွင်နေထိုင်သည့် ကားဘော်ဒီလုပ်ငန်းလုပ်ကိုင်သူ ကိုမျိုးထွန်းကိုလည်း ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း သိရသည်။

ဖမ်းဆီးခံရသူများနှင့်ပတ်သက်ပြီး သက်ဆိုင်ရာမိသားစုများက လိုက်လံစုံစမ်းမေးမြန်းရာတွင် လက်ရှိအချိန်အထိ သတင်းတစ်စုံတစ်ရာကြားသိရခြင်းမရှိသေးကြကြောင်းလည်း သိရသည်။

လှည်းကူးမြို့နယ်တွင် စစ်ကောင်စီတပ် သတင်းပေးတစ်ဦး ပစ်ခတ်ခံရပြီး သေဆုံးခြင်း၊ ရာအိမ်မှူးတစ်ဦး ပစ်ခတ်ခံရခြင်း၊ မိုင်တဲတာဝါတိုင်မီးရှို့ခံရပြီး နောက်ပိုင်းတွင် စစ်ကောင်စီတပ်၏ ဖမ်းဆီးမှုလည်း ခပ်စိတ်စိတ် ဖြစ်လာခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly