နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်အား စွဲဆိုထားသော အဂတိမှုများအတွက် အောက်တိုဘာ ၁ ရက်တွင် စတင်စစ်ဆေးမည်

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်အား စွဲဆိုထားသော အဂတိမှုများအတွက် အောက်တိုဘာ ၁ ရက်တွင် စတင်စစ်ဆေးမည်

စက်တင်ဘာ ၁၇

နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်အပေါ် စစ်ကောင်စီက တရားစွဲဆိုထားသော အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ လေးခု အတွက် အောက်တိုဘာ (၁) ရက်တွင် နေပြည်တော် ဇဗ္ဗူသီရိမြို့နယ် အထူးသီးသန့်တရားရုံးတွင် စတင်စစ်ဆေးမည်ဟု ရှေ့နေဦးခင်မောင်ဇော် ကပြောသည်။

ယင်း အဂတိအမှု လေးမှုကို ယခင်က မန္တလေးတိုင်းဒေသကြီး တရားလွှတ် တော်တွင် စစ်ဆေးရန် လျာထားသော်လည်း ယခုအခါ နေပြည်တော် ဇဗ္ဗူသီရိမြို့နယ် အထူးသီးသန့်တရားရုံးတွင် အမှုများအားလုံး တစ်ပေါင်းတည်း စစ်ဆေးသွားမည်ဖြစ်သည်။

ယင်းအမှုများအတွက် ရှေ့နေအဖွဲ့ဝင် ခုနှစ်ဦးဖြင့် လိုက်ပါဆောင်ရွက်သွား မည်ဟု ရှေ့နေဦးခင်မောင်ဇော် ဆိုသည်။

"ဒီနေ့ ရှေ့နေအဖွဲ့ကို ရဲတပ်ဖွဲ့ကဆက်သွယ်ပြီး ဒေါ်စုကို စွဲထားတဲ့အဂတိမှု လေးခုလုံးကို ဇမ္ဗူသီရိတရားရုံးမှာ စစ်မှာလို့လှမ်းဆက်သွယ်တယ် ။ ရှေ့နေအဖွဲ့သွားပြီးတော့ ဒီနေ့ ပါဝါတင်ခဲ့တယ် ။ အဲဒီ အမှုလေးခုလုံးက ပထမက မန္တလေးတရားရုံးမှာ စစ်ဖို့ဟာတွေပါ။ အခုတော့နေပြည်တော် ဇဗ္ဗူသီရိ အထူးတရားရုံးမှာ အမှုအားလုံး တစ်ပေါင်းတည်း စစ်ဆေးမှာပါ"ဟု ဆိုသည်။

ထို့အပြင် ရန်ကုန်အရှေ့ပိုင်းခရိုင် တရားရုံးတွင် စွဲဆိုထားသော နိုင်ငံတော် လျှို့ဝှက်အက်ဥပဒေပုဒ်မ တစ်ခုကိုလည်း နေပြည်တော် သီးသန့်တရားရုံးတွင် ပင် တစ်ပေါင်းတည်းစစ်ဆေးသွားမည်ဖြစ်သည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်တစ်ဦးတည်းအပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မဖြင့် နှစ်မှု၊ သူအပါအဝင် နေပြည်တော်ကောင်စီ နယ်မြေ ဥက္ကဋ္ဌမြို့တော်ဝန် ဒေါက်တာမျိုးအောင်၊ ဒု မြို့တော်ဝန် ဦးရဲမင်းဦး၊ ကော်မတီဝင် ဦးမင်းသူတို့အမှုတွဲလိုက် အဂတိမှု တစ်မှု၊ နောက်ထပ် ဒေါ်အောင် ဆန်းစုကြည် အပါအဝင် အမည်မသိရသေးသူ သုံးဦးတို့ကို အဂတိမှု တစ်မှု တို့ဖြင့် တရားစွဲဆိုထားရာ ဒေါ်အောင်ဆန်းစုကြည် တစ်ဦးတည်း အနေဖြင့် အဂတိမှု လေးမှုဖြင့် ရင်ဆိုင်နေရခြင်းဖြစ်သည်။

အသက် ၇၆ နှစ်အရွယ် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်သည် ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းထံမှ အမေရိကန်ဒေါ်လာ ခြောက်သိန်းနှင့် အကယ်ဒမီ အခေါက်ရွှေ ခုနှစ်ပိဿာကို လက်ခံ၍ ရန်ကုန်မြို့ပြ စီမံကိန်းများ အတွက် ခွင့်ပြုခဲ့ခြင်း၊ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းအတွက် တက္ကသိုလ်ရိပ်သာ လမ်းရှိမြေနှင့် အဆောက်အဦကို ငှားရမ်းခွင့်ပြုခြင်းကြောင့် နိုင်ငံတော်ဘဏ္ဍာ ငွေမှ ကျပ် သိန်း၅,၂၀၀ နစ်နာခဲ့ကြောင်း စစ်ကောင်စီ၏အာဘော် မြန်မာ့ အလင်းသတင်းစာတွင် ကြေညာခဲ့သည်။

ထို့အပြင် စစ်ကောင်စီ၏ဇွန်လအတွင်းထုတ်ပြန်ချက်တွင် နေပြည်တော် ကောင်စီနယ်မြေအတွင်းရှိ လရောင်တော စီမံကိန်းနှင့် ပတ်သက်ပြီး ဒေါ်အောင် ဆန်းစုကြည်၊ ဒေါက်တာမျိုးအောင်၊ ဦးရဲမင်းဦး၊ ဦးမင်းသူတို့ကို အဂတိလိုက် စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅နှင့် ပုဒ်မ ၅၅/၆၃ တို့ဖြင့် တရားစွဲဆိုထား ကြောင်း ပါရှိသည်။

ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် လက်ရှိတွင် အဂတိလိုက်စားမှု ဥပဒေပုဒ်မ ဖြင့် လေးမှု၊ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု ပုဒ်မဖြင့် နှစ်မှု၊ ဆူပူအုံကြွစေရန် လှုံ့ဆော်မှု ပုဒ်မ ၅၀၅(ခ)၊ အစိုးရလျှို့ဝှက် အက်ဥပဒေ ၃(၁-ဂ) ၊ ဆက်သွယ်ရေး ပုဒ်မ ၆၇ နှင့် ပို့ကုန်သွင်းကုန်ပုဒ်မ ၈ တို့ဖြင့် တရားစွဲဆိုခံထားရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required