ဂျကာတာ လေထုညစ်ညမ်းမှု ဖြေရှင်းရန် အင်ဒိုနီးရှားသမ္မတကို တရားရုံးက ညွှန်ကြား

ဂျကာတာ လေထုညစ်ညမ်းမှု ဖြေရှင်းရန် အင်ဒိုနီးရှားသမ္မတကို တရားရုံးက ညွှန်ကြား

စက်တင်ဘာ ၁၇

အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့ရဲ့ နာမည်ဆိုးထွက်နေတဲ့ လေထုညစ်ညမ်းမှုပြဿနာကို ဖြေရှင်းဆောင်ရွက်ဖို့ သမ္မတ ဂျိုကို ဝီဒိုဒိုကို တရားရုံးတစ်ရုံးက စက်တင်ဘာ ၁၆ ရက်မှာ ညွှန်ကြားလိုက်ပါတယ်။ အင်ဒိုနီးရှား ခေါင်းဆောင် သမ္မတ ဂျိုကိုဝီနဲ့ အခြား အဆင့်မြင့် အရာရှိတွေဟာ မြို့သူမြို့သားတွေကို အကာအကွယ်ပေးဖို့ တာဝန်ပေါ့ဆမှုတွေ ရှိနေခဲ့တယ်လို့လည်း တရားရုံးက ဆုံးဖြတ်ထုတ်ပြန်ခဲ့ပါတယ်။ ဒါဟာ အင်ဒိုနီးရှား သဘာဝပတ်ဝန်းကျင်အရေး ကြိုးပမ်းလှုပ်ရှားသူတွေအတွက်တော့ အထင်ကရ အောင်ပွဲတစ်ခု ဖြစ်ခဲ့ပါတယ်။

အင်ဒိုနီးရှား မြို့တော်နဲ့ ယင်းရဲ့ ပတ်ဝန်းကျင်ဟာ လူဦးရေ သန်း ၃၀ ခန့် ရှိ မီဂါစီးတီးတစ်ခုအဖြစ် ဖွဲ့စည်းတည်ရှိနေပြီး ယင်းဟာ ကမ္ဘာပေါ်မှာ လေထုအညစ်ညမ်းဆုံး မြို့တွေထဲမှာ ပုံမှန်လိုလို ပါနေခဲ့ပါတယ်။

ဂျကာတာ ဒေသခံတွေ၊ အထူးသဖြင့် ကလေးငယ်တွေရဲ့ ကျန်းမာရေးအပေါ်မှာ မီးခိုးမြူတွေရဲ့ ခြိမ်းခြောက်မှု အန္တရာယ်နဲ့ပတ်သက်လို့ ကျွမ်းကျင်ပညာရှင်တွေက ပြီးခဲ့တဲ့နှစ်တွေကြာကတည်းက သတိပေးထားခဲ့ပါတယ်။

လေထုညစ်ညမ်းမှုဒဏ် ခံထားရတဲ့ မြို့သူမြို့သားတွေနဲ့ တက်ကြွလှုပ်ရှားသူတွေ ပါဝင်တဲ့ လူ ၃၂ ဦးပါ အဖွဲ့တစ်ခုက ပြီးခဲ့တဲ့ နှစ်နှစ်အကြာက တရားစွဲဆိုမှုတစ်ခု ပြုလုပ်ထားခဲ့ပြီး သမ္မတ ဂျိုကိုဝီ၊ ၎င်းရဲ့ ကျန်းမာရေး၊ အိုးအိမ်နဲ့ ပတ်ဝန်းကျင်ရေးရာ ဝန်ကြီးတွေနဲ့ ဂျကာတာ အုပ်ချုပ်ရေးမှူးတို့ဟာ မြို့ရဲ့ ပတ်ဝန်းကျင် အခြေအနေနဲ့ပတ်သက်လို့ တာဝန်ပေါ့ဆမှုတွေ ရှိထားတယ်လို့ စွပ်စွဲထားခဲ့ပါတယ်။

တာဝန်ရှိသူတွေဟာ ‘ဥပဒေ ချိုးဖောက်ထားခဲ့” တာကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း ဗဟိုဂျကာတာခရိုင်တရားရုံးရဲ့ ဦးဆောင်တရားသူကြီး ဆိုင်ဖက်ဒင် ဇူဟရီက ပြောခဲ့ပါတယ်။ ဒါ့အပြင် အစိုးရတာဝန်ရှိသူတွေအနေနဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေကို တင်းကျပ်ဆောင်ရွက်ရမယ်လို့ တရားသူကြီးက ညွှန်ကြားခဲ့ပါတယ်။

ဒါ့အပြင် စည်းမျဉ်းချိုးဖောက်မှုတွေအပေါ် အရေးယူဒဏ်ခတ်မှုတွေလုပ်တာအပါအဝင် ဂျကာတာ ဝန်းကျင်ရှိ ယာဉ်တွေ၊ ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံတွေဆီကနေထုတ်လွှတ်တဲ့ ညစ်ညမ်းမှုတွေအပေါ် အထူးတလည် ဖြိုခွင်းနှိမ်နင်းဆောင်ရွက်ဖို့ တရားရုံးက အင်ဒိုနီးရှားအစိုးရတာဝန်ရှိသူတွေကို ပြောဆိုခဲ့ပါတယ်။

အလားတူ လေထုအရည်အသွေး စောင့်ကြည့်မှု နည်းစနစ်တွေ တိုးတက်စေဖို့နဲ့ လေထုညစ်ညမ်းမှု ဒေတာအချက်အလက်တွေကို ပြည်သူတွေ သိရှိအောင် ထုတ်ဖော်ဖို့ကိုလည်း တရားသူကြီးတွေက အာဏာပိုင်တွေကို ပြောခဲ့ပါတယ်။

ယခုကိစ္စမှာ တရားရုံးထံ ဦးတိုက် တိုင်တန်းထားသူတွေဘက်က ငွေကြေးနစ်နာကြေးတွေတော့ တောင်းဆိုထားတာမျိုး မရှိခဲ့ပါဘူး။

ယခုအမှုမှာ ခုခံသူတွေအနေနဲ့ ၎င်းတို့ အရေးနိမ့်မှုကို လက်ခံရမှာဖြစ်ပြီး တရားရုံးအမိန့်ညွှန်ကြားချက်အတိုင်း လိုက်နာရမှာဖြစ်ကြောင်း တရားလို ရှေ့နေ အယူ အီဇာ တီအာရာက ပြောခဲ့ပါတယ်။

ယခုကိစ္စနဲ့ပတ်သက်လို့ သမ္မတ ဝီဒိုဒို ဒါမှမဟုတ် တာဝန်ပေါ့ဆမှု ရှိတယ်လို့ တရားရုံးက ထုတ်ဖော်ခဲ့တဲ့ အခြားအစိုးရအရာရှိတွေဘက်က တစုံတရာ တုံ့ပြန်တာမျိုး မရှိသေးပါဘူး။

နေအိမ်အဆောက်အအုံအပြင်ဘက် လဟာပြင် လေထုညစ်ညမ်းမှုကြောင့် ကမ္ဘာတဝန်း ခန့်မှန်းခြေ လူပေါင်း ၄ ဒသမ ၂ သန်းခန့် အချိန်မတိုင်မီ သေဆုံးခဲ့ရပြီး အင်ဒိုနီးရှားလိုမျိုး ဝင်ငွေအလယ်အလတ် နိုင်ငံတွေဟာ ထိခိုက်မှုအရှိဆုံး ဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ထုတ်ဖော်ထားခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly