မင်းကင်းပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့(PDF)နှင့် တောင်တွင်းဒေသ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)တို့ ပူးပေါင်းပြီး စစ်ကောင်စီတပ်ကို ကြားဖြတ်ဝင်တိုက်

မင်းကင်းပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့(PDF)နှင့် တောင်တွင်းဒေသ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)တို့ ပူးပေါင်းပြီး စစ်ကောင်စီတပ်ကို ကြားဖြတ်ဝင်တိုက်

စက်တင်ဘာ ၁၆

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ အာရှလမ်းမအနီးရှိ ကျော်ရွာနှင့် လက်ပံတောကျေးရွာ အကြားသို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်အား ယနေ့ မွန်းလွဲ၂နာရီတွင် မင်းကင်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့( PDF ) နှင့် တောင်တွင်းဒေသ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)တို့ ပူးပေါင်းပြီး တိုက်ခိုက်ကြောင်း သိရသည်။

“စစ်ကောင်စီတပ်က ၁၃ ရက်နေ့ကနေစပြီး ကလေးဝကနေ ခြေလျင်တက်လာတာ စခန်းကြီးမှာ တစ်ညအိပ်တယ် ။ မအူမှာ တစ်ညအိပ်တယ်။ ကြာပင်မှာ တစ်ညအိပ်တယ်။ အဲဒီကနေ ဒီဘက် ကျော်ရွာနဲ့ လက်ပံတောရွာမှာ ကျွန်တော်တို့နဲ့ တိုက်ပွဲဖြစ်တာ နာရီဝက်လောက်တော့ ကြာတယ်။ အင်အားက ၁၀၀လောက်ရှိတယ်။ သူတို့က လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်တော့ တောတွေထဲ ရွာနားဘက်တွေထဲ ကျကုန်လို့ ပြည်သူတွေထိခိုက်မှာစိုးလို့ ကျွန်တော်တို့ပြန်ဆုတ်ခဲ့တာ”ဟု မင်းကင်းပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့(PDF) အဖွဲ့ဝင် တစ်ဦးက ပြောသည်။

စစ်ကောင်စီဘက်မှ အထိအခိုက်အကျအဆုံးကို လက်တလော မသိရှိရသေးဘဲ ၎င်းတို့အဖွဲ့တွင်လည်း ထိခိုက်မှုမရှိကြောင်း သိရသည်။

“စစ်ကောင်စီတပ်က ကျေးရွာတွေကိုလည်း ဖျက်ဆီးနှောင့်ယှက်နေတာတွေရှိတယ် ။ ပြည်သူတွေကို ပြောချင်တာက PDF အနေနဲ့ စစ်ကောင်စီကို အမြစ်ဖြတ်တိုက်ထုတ်သွားမှာပါ”ဟု မင်းကင်း ပြည်သူ့ကာကွယ်ရေးတပ် အဖွဲ့ဝင်တစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်၂၈ရက်က မင်းကင်း PDF ကို စစ်ကောင်စီထောက်ခံသည့် တောင်ဖြူရွာတွင် ညှိနှိုင်းမည်ဟုဆိုကာ လိမ်လည်ခေါ်ခဲ့ခြင်းကြောင့် မင်းကင်း PDF ၅၇ ဦး ဖမ်းဆီးခံခဲ့ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required