ရှင်ကျန်းဒေသ ရာဇဝတ်မှုများကို မှတ်တမ်းပြုစုနေသည့် ရုရှား-အမေရိကန် သုတေသနပညာရှင်ကို ကာဇက်စတန်အစိုးရက ပြည်ဝင်ခွင့် ပိတ်ပင်

ရှင်ကျန်းဒေသ ရာဇဝတ်မှုများကို မှတ်တမ်းပြုစုနေသည့် ရုရှား-အမေရိကန် သုတေသနပညာရှင်ကို ကာဇက်စတန်အစိုးရက ပြည်ဝင်ခွင့် ပိတ်ပင်

တရုတ်နိုင်ငံအတွင်း လူနည်းစု တိုင်းရင်းသားများအပေါ် ညှဉ်းပန်းနှိပ်စက်မှုအား မှတ်တမ်းပြုစုနေခြင်းကို ဟန့်အား နှောက်ယှက်သည့်အနေဖြင့် ကာဇက်စတန်အာဏာပိုင်များက ရုရှား-အမေရိကန် သုတေသနပညာရှင် ဘန်နင်ကို ပြည်ဝင်ခွင့် ၅ နှစ် ပိတ်ပင်လိုက်ကြောင်း လူ့အခွင့်အရေး စောင့်ကြည့်မှု (HRW) အဖွဲ့က စက်တင်ဘာ ၉ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ဘန်နင်သည် ကာဇက်စတန်နှင့် နယ်နမိတ်ချင်း ထိစပ်နေသည့် တရုတ်နိုင်ငံအနောက်မြောက်ပိုင်း ရှင်ကျန်းဒေသတွင် ဖြစ်ပွားနေသည့် ညှဉ်းပန်းနှိပ်စက်မှုများကို မှတ်တမ်းပြုစုနေခြင်း ဖြစ်ကာ ပြည်ဝင်ခွင့် ပိတ်ပင်ခြင်းကို ၂၀၂၁ ခုနှစ်၊ စက်တင်ဘာ ၄ ရက်က ကာဇက်စတန်နိုင်ငံ၊ အယ်လ်မတီနိုင်ငံတကာ လေဆိပ်သို့ ရောက်ရှိမှသာ ၎င်းအနေဖြင့် သိရှိခဲ့ခြင်း ဖြစ်သည်။

HRW ၏ ဥရောပနှင့် ဗဟိုအာရှရေးရာ ညွှန်ကြားရေးမှူး ဟက်ဂ် ဝီလျံဆန်က “ရှင်ကျန်းကနေ ထွက်ပြေးလာရတဲ့ ကာဇက်စတန်လူမျိုးတွေနဲ့ ရှင်ကျန်းမှာ ဖမ်းဆီးထိန်းသိမ်းခံရတဲ့၊ ပျောက်ဆုံးသွားတဲ့ သူတို့ဆွေမျိုးတွေနဲ့ ပတ်သက်တဲ့ အရေးကြီး သုတေသန လုပ်ဆောင်နေတဲ့ ဘန်နင်အပေါ် ပြည်ဝခွင့်ပိတ်ပင်တာကို ကာဇက်စတန် အစိုးရက ပြန်လည်ခွင့်ပြုသင့်ပါတယ်” ဟု ပြောကြားသည်။

အသက် ၃၆ နှစ်အရွယ် ဘန်နင်သည် ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလမှ စတင်ပြီး ရှင်ကျန်းဒေသတွင် ဖမ်းဆီး၊ ပျောက်ဆုံး၊ နှိပ်စက်ခံခဲ့ရသည့် လူနည်းစု တိုင်းရင်းသား ၂၄၀၀၀ ကျော်နှင့် ပတ်သက်၍ အချက်ပြုစုထားသည့် ဝက်ဘ်ဆိုက်တစ်ခုဖြစ်သော ‘ရှင်ကျန်း ဒုက္ခသည်များဆိုင်ရာ အချက်အလက်’ အား ထူထောင်ထားသူဖြစ်သည်။

ဘန်နင်က ၎င်းအား အယ်လ်မတီ လေဆိပ်မှ နိုင်ငံကူးလက်မှတ်စစ်ဆေးရေးအရာရှိများက ထုတ်ပေးသည့် ပြည်နှင်အမိန့်ကို ၎င်း၏ ဖေ့စ်ဘွတ်စာမျက်နှာတွင် ဖော်ပြခဲ့သော်လည်း ယင်းသို့ ပိတ်ပင်ရသည့်အကြောင်းကို မဖော်ပြခဲ့ပေ။

ဘန်နင်နှင့် သတင်းထောက်များက ကာဇက်စတန်နိုင်ငံတော်လုံခြုံရေးကော်မတီ၊ နယ်စပ်ရေးရာဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာနတို့ကို ဆက်သွယ်မေးမြန်းခဲ့သော်လည်း ရှင်းလင်းချက်မပေးခဲ့ပေ။

“အယ်လ်မတီ လေဆိပ်ကို ဒီညရောက်ရှိပြီး နိုင်ငံကူးလက်မှတ် စစ်ဆေးရေးဌာနရောက်တဲ့အခါမှာ ဝန်ထမ်းတွေရောက်လာပြီး ကျွန်တော့်တို့ ကာဇက်စတန်နိုင်ငံက ပြည်ဝင်ခွင့် ၅ နှစ် ပိတ်ပင်လိုက်တယ်ဆိုတာ လာပြောပါတယ်” ဟု ၎င်းက ပြောကြားသည်။

ကာဇက်စတန်သည် တရုတ်နှင့် ရှည်လျားသည့် နယ်နမိတ်ချင်း ထိစပ်နေသလို စီးပွားရေးအရ နက်ရှိုင်းစွာ ဆက်စပ်နေသည်။ တရုတ်အစိုးရနှင့် ဆက်ဆံရေး ကောင်းမွန်မှုကို ဆက်လက်ထိန်းသိမ်းရန် ကာဇက်စတန်အစိုးရက လူ့အခွင့်အရေးကိစ္စရပ်များအား စတေးရန် အသင့်ရှိသည်ကို ပြသနေကြောင်း HRW က မှတ်ချက်ပေးထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly