သြစတြေးလျက အမေရိကန်နဲ့ ပူးပေါင်းပြီး နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောတွေ တည်ဆောက်မည်

သြစတြေးလျက အမေရိကန်နဲ့ ပူးပေါင်းပြီး နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောတွေ တည်ဆောက်မည်

စက်တင်ဘာ ၁၆

သြစတြေးလျဟာ အမေရိကန်နဲ့ ဗြိတိန်တို့နဲ့အကြား ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်သစ်တစ်ခုနဲ့အတူ နျူကလီးယား စွမ်းအင်သုံး ရေငုပ်သင်္ဘော အစုအဖွဲ့ကို တည်ဆောက်သွားမှာ ဖြစ်တယ်လို့ သြစတြေးလျ ဝန်ကြီးချုပ် စကော့ မော်ရစ်ဆင်က ကြေညာလိုက်ပါတယ်။

“ယူကေ၊ အမေရိကန်နဲ့ အနီးကပ် ပူးပေါင်းပြီး သြစတြေးလျမှာ ဒီရေငုပ်သင်္ဘောတွေကို တည်ဆောက်သွားဖို့ ကျွန်တော်တို့ ရည်မှန်းထားပါတယ်” လို့ မော်ရစ်ဆင်က အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်၊ ဗြိတိန်ဝန်ကြီးချုပ် ဘော ရစ် ဂျွန်ဆင် တို့နဲ့အတူ ပြုလုပ်တဲ့ ဗီဒီယိုကွန်းဖရင့်တစ်ခုမှာ ပြောခဲ့ပါတယ်။

“ကျွန်တော် ရှင်းရှင်းလင်းလင်း ပြောချင်တာက သြစတြေးလျဟာ နျူကလီးယား လက်နက်တွေ ရယူဖို့ ကြိုးစားနေတာမျိုး မရှိသလို အရပ်ဘက်နျူကလီးယား လုပ်နိုင်စွမ်းတစ်ခု ထူထောင်ဖို့ ကြိုးပမ်းနေတာလည်း မရှိဘူးလို့ ပြောချင်ပါတယ်” လို့ မော်ရစ်ဆင်က ပြောခဲ့ပါတယ်။

တချိန်တည်းမှာပဲ သြစတြေးလျဟာ ပြင်သစ်နိုင်ငံနဲ့အကြား ဒေါ်လာ ၆၆ ဘီလီယံတန်ကြေးရှိ ရေငုပ်သင်္ဘော သဘောတူညီချက်တစ်ရပ်ကို ဖျက်သိမ်းလိုက်ပြီ ဖြစ်ကြောင်းနဲ့ ယခုအခါမှာ အမေရိကန်နဲ့ ဗြိတိန်နည်းပညာ သုံးပြီး နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောတွေ တည်ဆောက်သွားတော့မှာ ဖြစ်ကြောင်း မော်ရစ်ဆင်က ပြောပါတယ်။

သြစတြေးလျရဲ့ ယခု ဆုံးဖြတ်ချက်အပေါ် ပြင်သစ်က ပြစ်တင်ပြောကြားသွားခဲ့ပြီး ဒါဟာ သြစတြေးလျဘက်က မိမိတို့အပေါ် သစ္စာဖောက်တဲ့လုပ်ရပ်ဖြစ်သလို နောက်ကျောဓားနဲ့ထိုးတဲ့ လုပ်ရပ်ဖြစ်တယ်လို့ ပြင်သစ်က စွပ်စွဲပြောကြားသွားခဲ့ပါတယ်။

ယင်းနဲ့ပတ်သက်လို့ သြစတြေးလျဝန်ကြီးချုပ်က ပြင်သစ်ဟာ ပစိဖိတ်ဒေသမှာ သြစတြေးလျရဲ့ အရေးပါတဲ့ ပါတနာအဖြစ် ဆက်ရှိနေဆဲဖြစ်ကြောင်း ပြောခဲ့ပါတယ်။ ဒါပေမယ့် ကင်ဘာရာနဲ့ ပါရီအကြား ဆက်ဆံရေးပိုင်းမှာ လက်ရှိအချိန်မှာ ထိခိုက်မှုတွေ ရှိထားတယ်လို့လည်း ဝန်ခံသွားခဲ့ပါတယ်။

ယခုကြေညာချက်ကြောင့် သြစတြေးလျဟာ ယူကေပြီးရင် အမေရိကန်ရဲ့ နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘော နည်းပညာကို ရရှိမယ့် ဒုတိယမြောက် နိုင်ငံဖြစ်လာမှာ ဖြစ်ပါတယ်။

ဒါ့အပြင် သြစတြေးလျဟာ တာဝေးပစ် အမေရိကန် တိုမာဟော့ခ် ခရု(စ်) ဒုံးတွေကို ပထမဆုံးအကြိမ်အဖြစ် ဝယ်ယူသွားမှာဖြစ်ကြောင်း မော်ရစ်ဆင်က ကြေညာခဲ့ပါတယ်။ သြစတြေးလျဟာ အင်ဒို-ပစိဖိတ်မှာ တရုတ်ရဲ့ ကြီးထွားလာနေတဲ့ သြဇာအရှိန်အဝါကို တုံ့ပြန်ဖို့ ယင်းရဲ့ စစ်ဘက်ကာကွယ်မှုပိုင်းကို မြှင့်တင်လုပ်ဆောင်လျက် ရှိပါတယ်။

ခုလိုမျိုး သြစတြေးလျ၊ အမေရိကန်နဲ့ ယူကေအကြား နျူကလီးယား ရေငုပ်သင်္ဘော သဘောတူညီချက်နဲ့ပတ်သက်လို့ တရုတ်က ပြစ်တင်ရှုတ်ချသွားခဲ့ပြီး ဒါဟာ ဒေသတည်ငြိမ်မှုအပေါ် “အလွန်တရာ တာဝန်မဲ့တဲ့ ခြိမ်းခြောက်မှု” ဖြစ်တယ်လို့ ပေကျင်းက စက်တင်ဘာ ၁၆ ရက်မှာ ထုတ်ပြန်သွားခဲ့ပါတယ်။

ဒီ သဘောတူညီချက်ဟာ ဒေသငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှုကို ထိခိုက်စေသလို လက်နက်ပြိုင်ဆိုင်မှုတွေကို အားပေးရာ ရောက်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကျောင်လီကျန်းက သတင်းစာရှင်းလင်းပွဲတစ်ခုမှာ ပြောသွားခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required