‘လွတ်လပ်မှုနှင့် ဒီမိုကရေစီ ရှာဖွေရန်’ တရုတ်အမျိုးသားတစ်ဦး ထိုင်ဝမ် ရေပိုင်နက်ထဲ ဝင်ရောက်

By Times of Nation
16 September 2021
‘လွတ်လပ်မှုနှင့် ဒီမိုကရေစီ ရှာဖွေရန်’ တရုတ်အမျိုးသားတစ်ဦး ထိုင်ဝမ် ရေပိုင်နက်ထဲ ဝင်ရောက်

‘လွတ်လပ်မှုနှင့် ဒီမိုကရေစီ’ ရှာဖွေရန်အတွက် ထိုင်ဝမ်၏ ပင်လယ်ရေပိုင်နက်ထဲ ရော်ဘာလှေငယ်တစ်စီးဖြင့် ဝင်ရောက်လာခဲ့သည့် တရုတ်အမျိုးသားတစ်ဦးကို ထိုင်ဝမ်အာဏာပိုင်တို့က စက်တင်ဘာ ၁၂ ရက်တွင် ထိန်းသိမ်းခဲ့သည်။

အဆိုပါ တရုတ်အမျိုးသားကို လိုင်ယွီမြို့ ကမ်းရိုးတန်းအနီးတွင် ကမ်းခြေစောင့်အစောင့်တပ်ဖွဲ့ဝင်များက တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း ထိုင်ဝမ်ကမ်းခြေစောင့်တပ်ဖွဲ့ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ (CGA) ၏ ပြောကြားချက်ကို ကိုးကားပြီး Focus Taiwan က ဖော်ပြသည်။

အဆိုပါ အမျိုးသား၏ အဆိုအရ ၎င်းသည် ထိုင်ဝမ်တွင် လွတ်လပ်မှုနှင့် ဒီမိုကရေစီ ကို ရှာဖွေရန်အလို့ငှာ တရုတ်၏ ရှားမန်းမြို့ကနေ ထွက်ခွာလာခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

၎င်းကို ကင်မန်းရှိ ကွာရန်တင်း စင်တာတစ်ခုသို့ ခေါ်ဆောင်သွားပြီး ယင်းနောက် ၎င်းကို ကင်မန်း ခရိုင် အစိုးရရှေ့နေများ ရုံးသို့ လွှဲပြောင်းပေးဖွယ် ရှိကြောင်း Focus Taiwan က ဖော်ပြသည်။

ကမ္ဘာပေါ်တွင် အခြေခံအားဖြင့် စစ်ပုံစံ သွင်းထားသည့် ပင်လယ်ရေပြင်များအနက် တစ်ခုဖြစ်သည့် ထိုင်ဝမ် ရေလက်ကြားကို တရုတ်ရေတပ် ရော၊ ထိုင်ဝမ် ရေတပ် ရောပါ ကင်းလှည့်နေကြသည်။ ဧရိယာအတွင်း တရုတ်တို့ဘက်မှာတင် ကမ်းခြေစောင့် သင်္ဘော ၂၅၅ စင်း၊ လက်နက်အများအပြားတပ်ဆင်ထားသည့် ရေတပ်သင်္ဘော ဒါဇင်နှင့်ချီ အင်အားထက် ပိုမို ရှိနေကြောင်း သိရသည်။

သို့သော် ထိုင်ဝမ်သည် မည်သည့်လူပုဂ္ဂိုလ်ကိုမဆို ခိုလှုံခွင့်တောင်းသူအဖြစ် တရားဝင် ကြေညာခွင့် ပြုထားခြင်း မရှိဘဲ ယင်း၏ နယ်နမိတ်ထဲ တရားမဝင် ဝင်ရောက်သူများအနေဖြင့် အများဆုံး ထောင်ဒဏ် သုံးနှစ် နှင့် ထိုင်ဝမ် ဒေါ်လာ ၉၀,၀၀၀ အထိ ဒဏ်ကြေး ကျခံရနိုင်သည်။

ထိုင်ဝမ်နှင့် တရုတ်အကြား တင်းမာမှုများသည် လက်ရှိ ကာလအတွင်း မြင့်တက်နေပြီး ပေကျင်းသည် ကိုယ်ပိုင်အုပ်ချုပ်နေသော ထိုင်ဝမ်ကျွန်းအနီး လေကြောင်းနှင့် ရေတပ် လေ့ကျင့်မှုများကို တိုးမြှင့်လုပ်ဆောင်ထားခဲ့သည်။ ထိုင်ဝမ်သည် ယင်း၏ နယ်မြေတစိတ်တဒေသ ဖြစ်ကြောင်း၊ ယင်းအနေဖြင့် တစ်နေ့နေ့တွင် ပြည်မကြီးနှင့် ပြန်လည် ပေါင်းစည်းရမည် ဖြစ်ကာ ယင်းအတွက် လိုအပ်ပါက အင်အားသုံးမည်ဖြစ်ကြောင်း တရုတ်ကွန်မြူနစ်ပါတီက ထုတ်ဖော်ထားသည်။

သို့သော် ထိုင်ဝမ်သည် အမေရိကန် အပါအဝင် ဒီမိုကရေစီနိုင်ငံများနှင့်အကြား မဟာဗျူဟာကျ ပတ်သက်ဆက်ဆံမှုများ တိုးမြှင့်လုပ်ဆောင်ရင်း တရုတ်၏ ရန်လိုမှုကို တန်ပြန်ထားခဲ့သည်။ ယင်းကဲ့သို့ ဒီမိုကရေစီနိုင်ငံများနှင့်အကြား တိုးမြှင့်ဆက်ဆံမှုများကို ပေကျင်းက ထပ်တလဲလဲ ဆန့်ကျင်ထားသည်။ ထိုင်ဝမ် လွတ်လပ်ရေးက စစ်ပွဲဟု အဓိပ္ပါယ် ရှိကြောင်း တရုတ်က ခြိမ်းခြောက်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly