ဟောင်ကောင်၌ တီယန်မင်ရင်ပြင်ဆိုင်ရာ ဆုတောင်းပွဲ စီစဉ်သူများ ကုမ္ပဏီ၊ အသင်းအဖွဲ့ မှတ်ပုံတင်စာရင်းမှ ဖယ်ထုတ်ခံရနိုင်

By Sify
16 September 2021
ဟောင်ကောင်၌ တီယန်မင်ရင်ပြင်ဆိုင်ရာ ဆုတောင်းပွဲ စီစဉ်သူများ ကုမ္ပဏီ၊ အသင်းအဖွဲ့ မှတ်ပုံတင်စာရင်းမှ ဖယ်ထုတ်ခံရနိုင်

ဟောင်ကောင်အစိုးရသည် တီယန်မင်ရင်ပြင် အစုလိုက်အပြုံလိုက်အသတ်ခံရမှုဖြစ်စဉ် အထိမ်းအမှတ် ဆုတောင်းပွဲ စီစဉ်သူများအပေါ် ဖြိုခွင်းဖိနှိပ်မှုများကို ဆက်လက် လုပ်ဆောင်လျက်ရှိပြီး ယခုနောက်ထပ် ဖြိုခွင်းနှိမ်နင်းမှုလုပ်ရပ်တစ်ခုအဖြစ် ဆုတောင်းပွဲစီစဉ်သူများအနေဖြင့် ကုမ္ပဏီ၊ အသင်းအဖွဲ့များ မှတ်ပုံတင်စာရင်းကနေ မကြာခင် ဖယ်ထုတ်ခံရနိုင်ကြောင်း အာဏာပိုင်များက ထုတ်ဖော်ပြောဆိုထားခဲ့သည်။

၃၂ နှစ်ကြာ သက်တမ်းရှိ အဖွဲ့၏ ခေါင်းဆောင်များကို အမျိုးသားလုံခြုံရေးဥပဒေ စွဲချက်များဖြင့် ဖမ်းဆီးထိန်းသိမ်းရန် ရမန်ပေးခဲ့ပြီးနောက် ယခု အစိုးရ၏ နို့တစ်စာ ထွက်လာခဲ့ခြင်းဖြစ်ကြောင်း Hong Kong Free Press (HKFP) က ဖော်ပြသည်။

မျိုးချစ်စိတ်ထက်သန်သော ဒီမိုကရက်တစ် လှုပ်ရှားမှုများကို ထောက်ခံအားပေးသည့် ဟောင်ကောင်မဟာမိတ်အဖွဲ့၏ ဒုက္ကဋ္ဌ ချိုး ဟန်တုန်း ထံ စက်တင်ဘာ ၁၀ ရက်က ပေးပို့ခဲ့သည့် စာတစ်စောင်ထဲတွင် ဟောင်ကောင် လုံခြုံရေးဝန်ကြီး ခရစ် တန်က ၎င်းအနေဖြင့် ကုမ္ပဏီများ (လုပ်ငန်းရပ်စဲခြင်းနှင့် အထွေထွေပြဋ္ဌာန်းချက်များ) စည်းမျဉ်း ဥပဒေများနှင့်အညီ အဆိုပါ အုပ်စုအဖွဲ့ကို ထုတ်ပယ်ရန်အတွက် သက်ဆိုင်ရာ လုပ်ပိုင်ခွင့်ကို ကျင့်သုံးဆောင်ရွက်ရေးအတွက် ကောင်စီရှိ အမှုဆောင်အရာရှိချုပ်ထံ ပန်ကြားသွားမည် ဖြစ်ကြောင်း ပြောခဲ့သည်။

ဟောင်ကောင်၏ ခေါင်းဆောင် ကာရီလမ်နှင့် သူမ၏ အကြံပေးအဖွဲ့တို့သည် ကုမ္ပဏီများ မှတ်ပုံတင်မှုစာရင်းကနေ လုပ်ငန်းအဖွဲ့များကို ဖယ်ရှားစေရေးအတွက် ကုမ္ပဏီ၊ အသင်းအဖွဲ့များ မှတ်ပုံတင်မှုဆိုင်ရာ အာဏာပိုင်များကို ညွှန်ကြားနိုင်သည့် လုပ်ပိုင်ခွင့်ရှိသည်။ ၎င်းတို့အနေဖြင့် ကုမ္ပဏီ၊ အသင်းအဖွဲ့တစ်ခုသည် ယင်း၏ လုပ်ငန်းဆောင်ရွက်မှုအပေါ် လုံခြုံရေးဝန်ကြီး၏ တားမြစ်ပိတ်ပင်မှုကို ခံရရန် ရှိနေပြီဟု လက်ခံသုံးသပ်ပါက ယင်းကဲ့သို့သော လုပ်ပိုင်ခွင့်များကို ကျင့်သုံးသွားနိုင်သည်။

ထို့ပြင် ယင်းသည် လူ့ဘောင်အဖွဲ့အစည်းများဆိုင်ရာ စည်းမျဉ်းဥပဒေအောက်တွင် ၎င်းတို့၏ စာရင်းသွင်းမှတ်ပုံတင်မှုကို ဖျက်သိမ်းသွားရတော့ဖွယ် ရှိသည့် လုပ်ငန်းများအပေါ်တွင်လည်း အကျုံးဝင်သက်ဆိုင်သည်။

ဟောင်ကောင်ရဲတပ်ဖွဲ့ကို ဦးဆောင်ခဲ့ဖူးသူဖြစ်သည့် တန် က ၎င်းအနေဖြင့် ယင်းကဲ့သို့သော လုပ်ဆောင်ချက်ကို လုပ်ဆောင်ရန် ရဲဌာနအကြီးအကဲသစ် ရေမွန် စီယူထံကနေ ကနဦး ထောက်ခံအကြံပြုချက် ရရှိထားသည်ဟုလည်း ပြောခဲ့သည်။

“အကယ်၍ ဟောင်ကောင်မဟာမိတ်အဖွဲ့ဟာ ပြဋ္ဌာန်းထားတဲ့ လူ့အဖွဲ့အစည်းများဆိုင်ရာ စည်းမျဉ်းဥပဒေကို လေးစားလိုက်နာဖို့ လိုတဲ့ အသင်းအဖွဲ့တစ်ခု ဖြစ်နေမယ်ဆိုရင် အမျိုးသားလုံခြုံရေး၊ အများပြည်သူ ဘေးကင်းရေးနဲ့ အများပြည်သူ အမိန့်ညွှန်ကြားမှု တည်တံ့ရေး အကျိုးတရားတွေအတွက် စည်းမျဥ်း ဥပဒေ အပိုဒ်ခွဲ ၈ အောက်မှာ ယင်းရဲ့ လုပ်ငန်းတွေ ဒါမှမဟုတ် ရှေ့ဆက်လုပ်မယ့် လုပ်ငန်းတွေကို ပိတ်ပင်တားမြစ်ဖို့ လိုမှာ ဖြစ်ပါတယ်” ဟု တန်က ရေးခဲ့သည်။

ယင်းကဲ့သို တန်၏ သတိပေးမှုသည် ၁၉၈၉ ခုနှစ်က တည်ထောင်ခဲ့သည့် အဖွဲ့အစည်းအပေါ် ယခုနောက်ဆုံးပေါ်ပေါက်လာသည့် နှိမ်နင်းဖြိုခွင်းမှုတစ်ခုလည်း ဖြစ်သည်။

ပြဿနာပတ်လည်ဝိုင်းနေသည့် Hong Kong alliance အဖွဲ့နှင့်အတူ ယင်း၏ ဥက္ကဋ္ဌ လီ ချောက်ယန်းနှင့် ဒုဥက္ကဋ္ဌများဖြစ်ကြသော အယ်လ်ဘာ့ ဟိုနှင့် ချိုး တို့သည် စက်တင်ဘာ ၁၀ ရက်က “ဗဟိုအစိုးရ အာဏာထိပါးမှု ဖြစ်စေရေး လှုံ့ဆော်မှု” ဖြင့် တရားစွဲဆိုခံထားခဲ့ရသည်။

ဟောင်ကောင် အမျိုးသားလုံခြုံရေး ရဲတပ်ဖွဲ့သည် အမြင်သဘောကွဲသူများ၊ ဒီမိုကရေစီလိုလားသော အရပ်ဘက်လူမှုအဖွဲ့များအပေါ် အဓိက ဖြိုခွင်းနှိမ်နင်းမှု တစိတ်တပိုင်းအဖြစ် တီယန်မင်ရင်ပြင်ဖြိုခွဲမှု အထိမ်းအမှတ် ပြတိုက်ကိုလည်း စက်တင်ဘာ ၉ ရက်က ဝင်ရောက်စီးနင်းမှု လုပ်ထားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required