ချင်းပြည်နယ်ဘက်ကို သံချပ်ကာကားပါသော စစ်ကောင်စီတပ် ယာဉ်တန်း ဦးတည်

ချင်းပြည်နယ်ဘက်ကို သံချပ်ကာကားပါသော စစ်ကောင်စီတပ် ယာဉ်တန်း ဦးတည်

စက်တင်ဘာ ၁၆

ချင်းပြည်နယ်ဘက်ကိုဦးတည်သွားသော ဒါဇင်ပေါင်းများစွာသော စစ်ကောင်စီ တပ်တွင် သံချပ်ကာကားနှင့် ရဲများလည်းပါဝင်သည်ဟု ဒေသတွင်း စစ်ဘက် လေ့လာသူများအပြောအရသိရသည်။

ယနေ့ နံနက်ပိုင်းက အာဏာသိမ်းတပ်၏ စစ်သည်တင် ထရပ်ကား ၁၄ စီး၊ သံချပ်ကာကားနှစ်စီးနှင့် နယ်ပြောင်းရဲတပ်သား ၄၀ နှင့် ရိက္ခာ အများအပြား တင်ဆောင်ကာ ပခုက္ကူဘက်မှ ထွက်ခွာသွားသည်ဟု သိရသည်။

''မင်းတပ်က အရင်ရောက်တဲ့ ရဲတပ်ရင်းကရဲ၄၀ ဝန်း ကျင် နဲ့ လူလာချိန်း တာလို့ပြောကြတယ်။ သံချပ်ကာကားကတော့ ကျောက်ထုလေယာဉ်ကွင်း မှာထားဖို့လား၊ မင်းတပ်မှာ ထားဖို့လားမသိဘူး၊အခုလာတဲ့ယာဉ်တန်းမှာ အကောင်ကြီးကြီးပါလာတာထင်တယ်။မနက်ကလည်းအိမ်စီးကား ငါးစီးလောက်နဲ့သွားကြိုတယ်'' ဟု စစ်ဘက်ရေးရာ စောင့်ကြည့်သူတစ်ဦးက ပြောသည်။

မင်းတပ်ခရိုင်အတွင်းရှိ မင်းတပ်မြို့နယ်နှင့်ကန်ပက်လက်မြို့နယ်များတွင် နယ်မြေလုံခြုံရေးအတွက် နယ်မြေရဲတပ်ဖွဲ့အပြင်၊ရဲတပ်ရင်းမှ ရဲများကို ခေါ်ယူအသုံးပြုနေကြသည်။

ပဲခူးတိုင်းဒေသကြီးနှင့် မွန်ပြည်အတွင်းမှ ယာဉ်ထိန်းရဲများအပါအဝင် ရဲများကို ချင်းနှင့်ကချင်ပြည်နယ်များဘက်သို့ ရွှေ့ပြောင်းရန်အမိန့်စာထုတ်ထားကြောင်း အစောပိုင်းက မဇ္ဈိမက သတင်းထုတ်ပြန်ခဲ့သည်။

ချင်းပြည်နယ်၊ကန်ပက်လက်မြို့နယ်မှ ချင်းပြည်သူ့ကာကွယ်ရေးတပ်ဦး CDF- ကန်ပက်လက်နှင့်စစ်ကောင်စီ တပ်ဖွဲ့များကြား စက်တင်ဘာလအတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်းစစ်ကောင်စီတပ်မှ အနည်းဆုံး ၃၀ဦးခန့် သေဆုံးခဲ့ပြီးချင်းပြည်သူ့ကာကွယ်ရေးတပ်ဦး CDF-ကန်ပက်လက် မှအသေးစား( မစိုးရိမ်ရ) ဒဏ်ရာရရှိသူ ရှစ်ဦးရှိသည်ဟုလည်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly