တရုတ် အနောက်တောင်ပိုင်းမှာ ငလျင်လှုပ်မှုကြောင့် လူ ၃ ဦး သေဆုံး

တရုတ် အနောက်တောင်ပိုင်းမှာ ငလျင်လှုပ်မှုကြောင့် လူ ၃ ဦး သေဆုံး
Photo - AFP

စက်တင်ဘာ ၁၆

တရုတ်နိုင်ငံ အနောက်တောင်ပိုင်းမှာ စက်တင်ဘာ ၁၆ ရက်က ငလျင်လှုပ်ခဲ့လို့ လူသုံးဦး သေဆုံးပြီး ဒါဇင်များစွာ ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ ယင်း ငလျင်လှုပ်မှုကြောင့် စီချွမ်ပြည်နယ်မှာ ကယ်ဆယ်ရေးသမားတွေဟာ အရေးပေါ်အခြေအနေအဆင့် ဒုတိယအမြင့်ဆုံးလယ်ဗယ်အဖြစ် သတ်မှတ်ပြီး တုံ့ပြန်ဆောင်ရွက်မှုတွေ လုပ်ခဲ့ကြရပါတယ်။

ငလျင်ဟာ ချုံကျင်းမြို့ရဲ့ အနောက်တောင်ဘက် ကီလိုမီတာ ၁၂၀ ခန့်အကွာရှိ လူရှန်းကောင်တီမှာ စက်တင်ဘာ ၁၆ ရက် မနက်အရုဏ်မတက်ခင် လှုပ်ခဲ့တာ ဖြစ်ပါတယ်။

ကယ်ဆယ်‌ရေးလုပ်သားတွေဟာ အပျက်အစီး အုတ်ကျိုးအုတ်ပဲ့တွေအောက် ရောက်ခဲ့ကြသူတွေကို သယ်ထုတ်ပြီး ထိခိုက်ပျက်စီးထားတဲ့ အဆောက်အအုံတွေထဲကနေ လူနာထမ်းစင်တွေနဲ့အတူ ရွှေ့ပြောင်းပြီး အပြင်ထုတ်ပေးခဲ့ကြတာကို စီချွမ်မီးသတ်ဌာနရဲ့ ဗီဒီယိုတစ်ခုထဲမှာ တွေ့ရှိခဲ့ရပါတယ်။

လူရှန်းမှာ ရှိတဲ့ နေအိမ် ဒါဇင်များစွာဟာ အုတ်ကျိုးအုတ်ပဲ့ အစုအပုံတွေအဖြစ် ပြိုကျခဲ့သလို အခြား အအောက်အအုံ အများအပြားလည်း ထိခိုက်ပျက်စီးခဲ့ပါတယ်။ ပြည်တွင်းမီဒီယာက ဖော်ပြတဲ့ ရုပ်ပုံတွေအရ ဆေးရုံတစ်ရုံရဲ့ မျက်နှာကျက်တွေ ပြိုကျနေတာကို တွေ့ခဲ့ရသလို ငလျင်လှုပ်ထားလို့ အဆောက်အအုံတွေထဲ ပြန်မဝင်ကြဖို့ သတိပေးမှုတွေနဲ့အတူ ဒေသခံတွေ လမ်းတွေပေါ်မှာ ပြွတ်ခဲရှိနေတာကို တွေ့ရပါတယ်။

အမေရိကန် ဘူမိဆန်းစစ်လေ့လာမှုအဖွဲ့ကတော့ အဆိုပါ ငလျင်ရဲ့ ပြင်းအားကို ၅.၄ ဖြစ်တယ်လို့ ထုတ်ဖော်ခဲ့ပေမယ့် တရုတ် ငလျင်ကွန်ရက်များစင်တာကတော့ ယခုငလျင်ရဲ့ ပြင်းအားဟာ ၆.၀ ဖြစ်ကြောင်းနဲ့ ငလျင်ရဲ့ အနက်ဟာ ၁၀ ကီလိုမီတာ (၆ မိုင်) ဖြစ်တယ်လို့ တိုင်းတာထုတ်ပြန်ပါတယ်။

ယခု ငလျင်ကြောင့် လူသုံးဦး သေပြီး၊ အခြား သုံးဦး ဒဏ်ရာအပြင်းအထန် ရကာ ၅၇ ဦး မပြင်းထန်တဲ့ဒဏ်ရာတွေ ရခဲ့ကြတယ်လို့ လူရှန်းအာဏာပိုင်တွေက ပြောပါတယ်။

အနည်းဆုံး လူပေါင်း ၁၀,၀၀၀ လောက်ကို အရေးပေါ်ခိုလှုံရေးနေရာတွေဆီ ရွှေ့ပြောင်းပေးထားခဲ့ကြောင်း ဒေသအစိုးရက ပြောပါတယ်။

နိုင်ငံပိုင် စီစီတီဗွီ ရုပ်သံက ထုတ်လွှင့်ခဲ့တဲ့ လူရှန်းက ရုပ်သံပုံရိပ်တွေထဲမှာတော့ ကယ်ဆယ်ရေးလုပ်သားတွေဟာ မိုးထဲရေထဲမှာ အဆောက်အအုံတွေမှာ ကျိုးပဲ့နေတဲ့ မှန်ချပ်တွေလိုမျိုး အန္တရာယ်ရှိအပျက်အစီးတွေကို လှေကားတွေ သုံးပြီး ဖယ်ရှားရှင်းလင်းနေတာကို ပြသထားခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly