ငါးကန်အလုပ်သမားများကို စစ်ကောင်စီက PDF ဟု စွပ်စွဲဖမ်းဆီး

ငါးကန်အလုပ်သမားများကို စစ်ကောင်စီက PDF ဟု စွပ်စွဲဖမ်းဆီး

စက်တင်ဘာ ၁၅

ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့နယ်၊ ဇော်ဂျီကွင်းအုပ်စု တလိုင်းပုံးကျေးရွာရှိ ငါးကန် အလုပ်သမား ငါးဦးကို PDF များဟု အကြမ်းဖက်စစ်ကောင်စီတပ်များနှင့် ရဲများက စွပ်စွဲကာ စက်တင်ဘာ ၁၄ ရက် မနက် ၇ နာရီက ဖမ်းဆီးသွားကြောင်းသိရသည်။

အကြမ်းဖက်စစ်ကောင်စီ၏ ဝါဒဖြန့် သတင်းစာတွင် ငါးကန်၌ ပုန်းအောင်းနေသည့် PDF အမျိုးသား နှစ်ဦးနှင့် အမျိုးသမီး သုံးဦးကို လက်လုပ်သေနတ် ရှစ်လက်အပါအဝင် ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့သည်ဟု စွပ်စွဲဖော်ပြထားသည်။

တလိုင်းပုံးကျေးရွာ ဒေသခံများကမူ ဖမ်းဆီးခံထားရသူ ငါးဦးမှာ PDF များမဟုတ်ကြောင်း ပြောသည်။

"ဒလန်က သတင်းပေးလို့ လာဖမ်းသွားတာလို့ထင်တယ်။ သူတို့က PDF တွေလည်းမဟုတ်ပါဘူး ။ အလုပ်သမားတွေပါဗျာ။ မဆီမဆိုင်တွေ ဖမ်းနေတာလည်း မနည်းတော့ဘူး။ အမျိုးသမီးပုံတွေကိုလည်း ကြည့်ပါဦး ဘယ်လိုလုပ် PDF ဖြစ်နိုင်မှာလဲ"ဟု ဒေသခံတစ်ဦးက ပြောသည်။

လက်ရှိအချိန်တွင် မတရားစွပ်စွဲ ဖမ်းဆီးခံခဲ့ရသည့်အလုပ်သမား ငါးဦးကို အကြမ်းဖက်စစ်အုပ်စုနှင့် ရဲများက မည်သည့် နေရာသို့ ဖမ်းဆီးခေါ်ဆောင်သွားသည်ကို မသိရှိကြောင်း ဒေသခံများကပြောသည်။ ဖမ်းဆီးခံထားရသူများနှင့် အဆက်အသွယ်မရရှိသေးကြောင်းလည်း ၎င်းတို့၏ မိသားစုဝင်များထံက သိရ သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly