စက်တင်ဘာ ၁၄
ရန်ကုန်တိုင်း၊ လှည်းကူးမြို့၊ ရိပ်သာရပ်ကွက် ၊ ရုံးဟောင်းလမ်းထိပ်တွင် ကွမ်းယာရောင်းသူ ဒလန်ဟု အမည်ထွက်နေသည့် မတင်ညိမ်းအား ယနေ့ စက်တင်ဘာ ၁၄ ရက် မွန်းတည်ချိန်တွင် အမည်မသိအဖွဲ့က သေနတ်ဖြင့် ပစ်သတ်ခဲ့ကြောင်း မြို့ခံများကပြောသည်။
" နားထင်ကို တေ့ပစ်သွားတာ ၊သေနိုင်တယ်ထင်တယ်။ အခုစစ်ကားအသေး တစ်စီးရောက်နေပြီ ။ စစ်ဆေးနေတယ်။ သူ့ကိုတော့ဆေးရုံကားနဲ့ ခေါ်သွားတာ"ဟု မျက်မြင်တွေ့ရှိသူ အမျိုးသားတစ်ဦး ကပြောသည်။
အဆိုပါ အပစ်ခံရသူ မတင်ညိမ်းသည် အသက် ၅၀ ဝန်းကျင်ရှိပြီး စက်တင်ဘာ ၁၀ရက် ကလည်း ၎င်းရှိသည့် ကွမ်းယာဆိုင်သို့ အမည်မသိအဖွဲ့မှ သေနတ်ဖြင့် လာရောက်ပစ်ခတ်ခဲ့သော်လည်း ထိမှန်ခြင်းမရှိခဲ့ကြောင်း သိရသည်။
ရုပ်အလောင်းကို ကရုဏာရှင်လူမှုကူညီရေးအသင်းက လာရောက်သယ်ဆောင်သွားပြီး အနီးအနားဝန်ကျင်တွင် စစ်ကောင်စီတပ်များက စစ်ဆေးမှုများ ပြုလုပ်နေကြောင်း ဒေသခံများကပြောသည်။