နော်ဝေ‌ရွေးကောက်ပွဲ လက်ဝဲယိမ်း အတိုက်အခံပါတီ အနိုင်ရ

နော်ဝေ‌ရွေးကောက်ပွဲ လက်ဝဲယိမ်း အတိုက်အခံပါတီ အနိုင်ရ
Photo - AFP

စက်တင်ဘာ ၁၄

နော်ဝေနိုင်ငံရဲ့ စက်တင်ဘာ ၁၃ ရက် အထွေထွေရွေး‌ကောက်ပွဲမှာ လေဘာပါတီ ခေါင်းဆောင် ဂျိုးနက်စ် ဂါ စတိုး  ဦးဆောင်တဲ့ လက်ဝဲယိမ်း အတိုက်အခံတွေက အနိုင်ရရှိသွားခဲ့ပါတယ်။

ယင်းမတိုင်မီ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှုတွေမှာတော့ အနောက်ဥရောပရဲ့ အကြီးဆုံး ရေနံထုတ်လုပ်သူနိုင်ငံမှာရှိတဲ့ အဓိက ရေနံလုပ်ငန်းရဲ့ အနာဂတ်နဲ့ပတ်သက်တဲ့ မေးခွန်းတွေနဲ့ လွှမ်းမိုးထားခဲ့ပါတယ်။

ယင်းနိုင်ငံမှာ ၂၀၁၃ ခုနှစ်နောက်ပိုင်း အာဏာရထားခဲ့တဲ့ ကွန်ဆာဗေးတစ် ဝန်ကြီးချုပ် အာနာ ဆိုးလ်ဘာ့ဂ် ဦးဆောင်တဲ့ ဗဟိုလက်ယာယိမ်း ညွန့်ပေါင်းအုပ်စုအပေါ် ယခု လက်ဝဲယိမ်းတွေဘက်က အနိုင်ရသွားခဲ့ပြီ ဖြစ်ပါတယ်။

“ကျွန်တော်တို့ စောင့်ခဲ့ကြရတယ်၊ မျှော်လင့်ခဲ့ကြတယ်၊ အလုပ်တွေ အများကြီး ကြိုးစားခဲ့ကြတယ်၊ ခု နောက်ဆုံးမှာတော့ ကျွန်တော်တို့ လုပ်နိုင်ခဲ့ပြီလို့ ပြောနိုင်ပါပြီ” ဟု နော်ဝေ ဝန်ကြီးချုပ်လောင်းလျာဖြစ်တဲ့ စတိုးက ၎င်းကို ထောက်ခံသူတွေနဲ့ တွေ့ဆုံစဉ် ပြောခဲ့ပါတယ်။

လက်ဝဲယိမ်း အတိုက်အခံပါတီ ငါးခုဟာ ပါလီမန်မှာ အမတ်နေရာ ၁၆၉ နေရာအနက် အမတ်နေရာ ၁၀၀ အထိ အနိုင်ရမယ်လို့ မှန်းထားပါတယ်။

မဲရလဒ် ၉၅ ရာခိုင်နှုန်း‌ကျော် ရေတွက်ပြီးစီးချိန်မှာ ကနဦးရလဒ်တွေအရ လေဘာပါတီကတော့ ယင်းရဲ့ မဟာမိတ်ပါတီတွေဖြစ်တဲ့ ဗဟိုပါတီ၊ ဆိုရှယ်လစ် လက်ဝဲပါတီ တို့နဲ့အတူ နေရာအများစု ထိန်းချုပ်နိုင်ဖွယ် ရှိနေတယ်လို့ သိရပါတယ်။

ယင်းအတိုင်းဆိုရင် ဂရင်းစ် နဲ့ ကွန်မြူနစ် ရက်ဒ် ပါတီ တို့လို အခြား အတိုက်အခံပါတီ နှစ်ခုရဲ့ ထောက်ခံမှုကို မှီခိုရဖို့ ရှိတယ်ဆိုတဲ့ စိုးရိမ်ပူပန်မှုတွေကို လွင့်ပြယ်စေမှာဖြစ်ပါတယ်။

“နော်ဝေဟာ ရှင်းလင်းတဲ့ မက်ဆေ့ချ်တစ်ခုကို ပေးလိုက်ပါပြီ၊ နော်ဝေ ပြည်သူတွေဟာ ပိုမို မျှတတဲ့ လူ့အဖွဲ့အစည်းတစ်ခုကို လိုချင်တယ်ဆိုတာကို ဒီရွေးကောက်ပွဲက ပြသလိုက်ပါပြီ” လို့ အသက် ၆၁ နှစ်ရှိ မီလျံနာတစ်ဦးဖြစ်တဲ့ စတိုးက ပြောခဲ့ပါတယ်။ ၎င်းကတော့ လူမှုဆိုင်ရာ မညီမျှမှုတွေကို ဆန့်ကျင် စည်းရုံးခဲ့သူဖြစ်ပါတယ်။

ယခုအခါမှာတော့ ဆိုရှယ်ဒီမိုကရေစီရဲ့ ခံတပ်တစ်ခုဖြစ်တဲ့ နောဒစ် ဒေသက နိုင်ငံငါးခုစလုံးဟာ မကြာမီ လက်ဝဲယိမ်းအစိုးရတွေ အုပ်ချုပ်ကြတော့မှာ ဖြစ်ပါတယ်။

“ဒီတစ်ကြိမ်မှာတော့ ကွန်ဆာဗေးတစ် အစိုးရရဲ့ အလုပ်က ပြီးဆုံးပါပြီ” လို့ ဆိုးလ်ဘာ့ဂ်က ထောက်ခံသူတွေကို ပြောခဲ့ပါတယ်။

“ကျွန်မအနေနဲ့ ဂျိုးနက်စ် ဂါ စတိုး ကို ဂုဏ်ပြုစကား ဆိုချင်ပါတယ်၊ သူဟာ အစိုးရအပြောင်းအလဲ လုပ်ဖို့ အများစုအနေအထား ရနေပြီ ဖြစ်ပါတယ်” လို့ လက်ရှိဝန်ကြီးချုပ် ဆိုးလ်ဘာ့ဂ်က ပြောခဲ့ပါတယ်။

အသက် ၆၀ နှစ်ရှိ နော်ဝေ လက်ရှိဝန်ကြီးချုပ် ဆိုးလ်ဘာ့ဂ်ကတော့ ရွှေ့ပြောင်းနေထိုင်မှု၊ ရေနံဈေး ကျဆင်းမှုနဲ့ COVID-19 ကပ်ရောဂါ အပါအဝင် ပြီးခဲ့တဲ့ ရှစ်နှစ်အတွင်း အကျပ်အတည်း အခြေအနေတွေအောက်မှာ နိုင်ငံကို ဦးဆောင်ပဲ့ကိုင်ပေးထားခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly