ဖိလစ်ပိုင်ကလေးငယ်တွေ ကျောင်းနေဝေးတာ ကြာမြင့်၍ ‘ပညာရေး အကျပ်အတည်း’အတွက် စိုးရိမ် 

ဖိလစ်ပိုင်ကလေးငယ်တွေ ကျောင်းနေဝေးတာ ကြာမြင့်၍ ‘ပညာရေး အကျပ်အတည်း’အတွက် စိုးရိမ် 
Photo - AFP

စက်တင်ဘာ ၁၄

ဖိလစ်ပိုင်က ကျောင်းနေအရွယ် ကလေးငယ် သန်းပေါင်းများစွာဟာ ကျောင်းစာတွေကို အိမ်ကနေပဲ သင်ယူနေကြရတာ ဒုတိယစာသင်နှစ်အထိ ဖြစ်လာပြီး စာသင်ခန်းတွေဟာ တိတ်ဆိတ်ခြောက်ကပ်လျက် ရှိနေဆဲပဲ ဖြစ်ပါတယ်။ 

ခုလို အခြေအနေမျိုးကြောင့် ‘ပညာရေး အကျပ်အတည်း’ ပိုပြီး ဆိုးဝါးလာမှာကို ပညာရှင်တွေက စိုးရိမ်ပူပန်နေကြရပြီ ဖြစ်ပါတယ်။ 

ကမ္ဘာအနှံ့က နိုင်ငံတိုင်းအားလုံးနီးပါးဟာ တစ်စိတ်တစ်ပိုင်းဖြစ်ဖြစ်၊ အပြည့်အဝဖြစ်ဖြစ် ကျောင်းတွေ ပြန်ဖွင့်ပြီး ကလေးငယ်တွေကို ပြန်ကျောင်းတက်စေနေပြီ ဖြစ်ပေမယ့် ဖိလစ်ပိုင်မှာတော့ ကပ်ဘေးစတင်ကတည်းက ခုချိန်ထိ ကျောင်းတွေကို ပိတ်ထားဆဲ ဖြစ်တယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။ 

မူလတန်းနဲ့ အလယ်တန်းကျောင်းတွေကို အစမ်း ပြန်ဖွင့်ဖို့ အဆိုပြုချက်ကိုလည်း သမ္မတ ရိုဒရီဂို ဒူတာတေးက ခုချိန်ထိ ပယ်ချထားတုန်းပဲ ဖြစ်ပါတယ်။ ကလေးငယ်တွေမှာ COVID-19 တွယ်ကပ်ပြီး အသက်ကြီး ဆွေမျိုးသားချင်းတွေဆီ ကူးစက်စေလိမ့်မယ်လို့ စိုးရိမ်ပူပန်ပြီး ဒူတာတေးက ငြင်းပယ်ထားတာပါ။ 

“သမီး ကျောင်းတက်ချင်နေပါပြီ”လို့ မနီလာမြို့တော် ဆင်းရဲသားရပ်ကွက် တိုက်ခန်းကျဉ်းလေးထဲမှာ မိသားစုခြောက်ဦးနဲ့ အတူနေထိုင်တဲ့ ခုနစ်နှစ်အရွယ် လာရိုဘစ်ဆိုတဲ့ သမီးငယ်က အေအက်ဖ်ပီကို ပြောပါတယ်။ အွန်လိုင်းကနေ သူငယ်တန်း တစ်နှစ်တက်ခဲ့ပြီးပေမယ့် စာမဖတ် တတ်သေးဘူးလို့လည်း ကလေးငယ်က ညည်းညူပြောဆိုပါတယ်။ 

“စာသင်ခန်းဆိုတာ ဘယ်လိုလည်းဆိုပြီးတောင် သမီး မသိဘူး၊ တစ်ခါမှ မတက်ဖူးဘူးလေ”လို့ လာရိုဘစ် ကလေးငယ်က ပြောပါတယ်။ 

အခုနှစ်မှာ ပထမတန်း တက်ရမှာဖြစ်တဲ့ လာရိုဘစ်ဟာ အွန်လိုင်းက စာသင်ပေးနေတာတွေ နားမလည်လို့လည်း စိတ်ပျက်လက်ပျက်ဖြစ်နေရှာပါတယ်။ စမတ်ဖုန်းကနေပြီး သင်ယူရတာဖြစ်တဲ့ အွန်လိုင်းက သင်တာတွေကို မသိနားမလည်တဲ့ အချိန်တွေဆိုရင် သမီးက ငိုငိုယိုယို ဖြစ်ရောပဲဆိုပြီး မိခင်ဖြစ်သူ ဂျီနယ်က ဆိုပါတယ်။ 

ကလေးမလေး ဘာရိုဘစ်ကို ပိုပြီး စိတ်မပျော်မရွှင် ဖြစ်စေတာကတော့ ကလေးတွေ အပြင်ထွက် ကစားတာကို တားမြစ်ထားချက်က ပိုပြီး ဖိစီးမှု ဖြစ်စေတာပါ။ 

“ဖြစ်နေတာတွေက တစ်ခုမှ မကောင်းဘူး”လို့ နိုင်ငံအနှံ့ Delta ကိုရိုနာမျိုးကွဲ ပြန့်နှံ့နေချိန် စာသင်ကျောင်းတွေ ပြန်ဖွင့်မှာကို ကန့်ကွက်တဲ့ မိခင် ဂျီနယ်က ပြောပါတယ်။ 

ဖိလစ်ပိုင်နိုင်ငံမှာ အွန်လိုင်းသင်ခန်းစာတွေ၊ ပုံနှိပ်စာရွက်တွေနဲ့ ရုပ်သံနဲ့ လူမှုမီဒီယာကနေ သင်ခန်းစာတွေ ပို့ချတာတွေ ပါဝင်တဲ့ ‘သမူဟ ပညာရေး’ အစီအစဉ်ကို အောက်တိုဘာနှောင်းပိုင်းမှာ စတင်လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ 

ဒါပေမဲ့ ဒီအစီအစဉ်ဟာ နိုင်ငံတွင်းက ကျောင်းသား တော်တော်များများဟာ ကွန်ပျူတာမရှိတာနဲ့ အိမ်မှာ အင်တာနက် မတပ်ဆင်ထားတာတွေကြောင့် ပြဿနာတွေ တစ်သီတစ်တန်းကြီး ကြုံလာရတာပဲ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly