မန္တလေးမြို့ရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ် ဗုံးခွဲခံရ

မန္တလေးမြို့ရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ် ဗုံးခွဲခံရ

စက်တင်ဘာ ၁၃

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ နန်းရှေ့ ၁၉ လမ်း မြို့ပတ်လမ်းအနီးရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်သည် စက်တင်ဘာ ၁၃ ရက် နံနက် ၉ နာရီခွဲက ဗုံးခွဲတိုက်ခိုက်ခံခဲ့ရပြီး အနည်းဆုံး ရှစ်ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများက မဇ္ဈိမကို ပြောသည်။

ဗုံးခွဲတိုက်ခိုက်ခံရမှုကြောင့် ဒဏ်ရာရရှိသူများတွင် စစ်ကောင်စီတပ်သားများနှင့် မီးသတ် တပ်ဖွဲ့ဝင်များလည်းပါဝင်ပြီး ယင်းအနက် လေးဦးမှာ အခြေအနေ စိုးရိမ်ရကြောင်း မြို့ခံပရဟိလုပ်ကိုင်နေသူ တစ်ဦးက ပြောသည်။

“မီးသတ်လည်းပါတယ်။ စစ်ကောင်စီတပ်သားလည်း ပါတယ်။ ရှစ်ယောက်လောက်တော့ လောလောဆယ်ဒဏ်ရာရတယ်။ လေးယောက်ကတော့ အခြေအနေမကောင်းဘူး” ဟု မြို့ခံပရဟိလုပ်ကိုင်နေသူ တစ်ဦးက ပြောသည်။

အဆိုပါ ထိခိုက်ဒဏ်ရာရရှိသူများကို လူနာတင်ကား ငါးစီးဖြင့် ဆေးရုံသို့ ခေါ်ဆောင်သွားသည်ကို မြင်တွေ့လိုက်ရကြောင်း နောက်ထပ်ဒေသခံတစ်ဦးက မဇ္ဈိမကို အတည်ပြုသည်။

ထိုသို့ ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်သားများက ရမ်းသမ်းပစ်ခတ်မှုတချို့ ရှိခဲ့ပြီး လက်ရှိတွင် ဗုံးပေါက်ကွဲမှု ဖြစ်ပေါ်ခဲ့သည့် နန်းရှေ့ ၁၉ လမ်းကို ပိတ်ဆို့ကာ စစ်ကောင်စီတပ်သားများက မိုင်းရှင်းလင်းရေး ဆောင်ရွက်ခဲ့ကြကြောင်း ဒေသခံများထံမှ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required