လွတ်လပ်ပွင့်လင်းသော အင်ဒို-ပစိဖိတ်ဒေသနှင့်ပတ်သက်ပြီး အမြင်ချင်းတူညီမှုအပေါ် အိန္ဒိယနှင့် သြစတြေးလျတို့ အလေးပေးထုတ်ဖော်

By Zeebiz
13 September 2021
လွတ်လပ်ပွင့်လင်းသော အင်ဒို-ပစိဖိတ်ဒေသနှင့်ပတ်သက်ပြီး အမြင်ချင်းတူညီမှုအပေါ် အိန္ဒိယနှင့် သြစတြေးလျတို့ အလေးပေးထုတ်ဖော်

အိန္ဒိယနှင့် သြစတြေးလျတို့သည့် လွတ်လပ်ပွင့်လင်းပြီး အလုံးစုံပါဝင်သော အင်ဒို-ပစိဖိတ်ဒေသတစ်ခုနှင့်ပတ်သက်ပြီး ၎င်းတို့၏ တူညီသော အမြင်သဘောထားတစ်ခုကို စက်တင်ဘာ ၁၁ ရက်က အလေး‌ပေးထုတ်ဖော်ခဲ့ကြပြီး အကြမ်းဖက်မှုအပေါ်တွင်လည်း ညှိနှိုင်းအလျှော့ပေးခြင်းမရှိဘဲ တိုက်ဖျက်သွားရန် အရေးကြီးကြောင်းကိုလည်း ထုတ်ဖော်ပြောဆိုခဲ့ကြသည်။

အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး အက်စ် ဂျိုင်ရှန်ကာနှင့် ကာကွယ်ရေးဝန်ကြီး ရာဂျက်သ် ဆင်းန် တို့သည် သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး မာရိုက်စ် ပေး၊ ကာကွယ်ရေးဝန်ကြီး ပီတာ ဒက်တန် တို့နှင့်အကြား “နှစ် အပေါင်း နှစ်” ဆွေးနွေးပြောဆိုမှုများကို လုပ်ဆောင်ခဲ့ကြသည်။

အိန္ဒိယနှင့် သြစတြေးလျအကြား မိတ်ဘက်ပူးပေါင်းမှုက လွတ်လပ်ပွင့်လင်းသော အလုံးစုံပါဝင်ပြီး ဖြစ်ထွန်းစည်ပင်သော အင်ဒို-ပစိဖိတ်ဒေသနှင့်ပတ်သက်ပြီး တူညီသည့် အမြင်တစ်ခုအပေါ် အခြေခံထားကြောင်း အိန္ဒိယ ကာကွယ်ရေးဝန်ကြီး ရာဂျက်သ် ဆင်းန်က အဆိုပါ ဆွေးနွေးမှုများအပြီး သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောခဲ့သည်။

ဆွေးနွေးမှုများအတွင်း စည်းမျဥ်း အခြေပြု စနစ်တစ်ခုနှင့်ပတ်သက်ပြီး အ‌လေးပေး ပြောဆိုခဲ့သည်ဟုလည်း ၎င်းက ပြောသည်။

အလားတူ နှစ်ဘက်စလုံးသည် COVID-19 ကပ်ရောဂါအရေး ကိုင်တွယ်တိုက်ဖျက်ရာတွင် ရှေ့အနာဂတ်ကာလ လက်တွဲပူးပေါင်းဆောင်ရွက်ရေးနှင့်ပတ်သက်ပြီး ဆွေးနွေးခဲ့ကြကြောင်း အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး အက်စ် ဂျိုင်ရှန်ကာက ပြောခဲ့သည်။

အကြမ်းဖက်မှုကို ညှိနှိုင်းအလျှော့ပေးခြင်းမရှိဘဲ တိုက်ဖျက်သွားရန် အရေးကြီးကြောင်းကို ဂျိုင်ရှန်ကာက အခိုင်အမာ ပြောဆိုဆွေးနွေးခဲ့သည်ဟု သိရသည်။

“ဒီကနေ့ဟာ ၉/၁၁ တိုက်ခိုက်မှုရဲ့ နှစ် ၂၀ ပြည့် အထိမ်းအမှတ်ဖြစ်ပါတယ်၊ ဒါက သတိပေးမှုတစ်ခုပါ၊ လိုအပ်လာရင် အကြမ်းဖက်မှုကို ညှိနှိုင်းအလျှော့ပေးခြင်းမရှိဘဲ အခိုင်အမာ တိုက်ဖျက်သွားဖို့ အရေးကြီးပါတယ်၊ ကျွန်တော်တို့အချင်းချင်း နီးနီးကပ်ကပ် ရှိနေရပါမယ်၊ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုရဲ့ တန်ဖိုးကို အဆုံးစွန် ကျွန်တော်တို့ အသိအမှတ်ပြု တန်ဖိုးထားကြပါစို့” ဟု ၎င်းက ပြောခဲ့သည်။

အလားတူ သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး မာရိုက်စ် ပေးကလည်း သြစတြေးလျနှင့် အိန္ဒိယတို့သည် လွတ်လပ်၊ တံခါးဖွင့်ထားပြီး လုံခြုံစိတ်ချရသည့် အင်ဒို-ပစိဖိတ်ဒေသအတွက် အပြုသဘောဆောင် အကောင်းမြင်သည့် အမြင်တစ်ခု ထပ်တူညီမျှ ရှိနေကြောင်း ပြောခဲ့သည်။

အဆိုပါ နှစ်ဘက်စလုံးသည် အာဖဂန်နစ္စတန် အခြေအနေနှင့်ပတ်သက်၍လည်း ဆွေးနွေးခဲ့ကြောင်း ခေါင်းဆောင်များက ပြောခဲ့သည်။

“ပြီးခဲ့တဲ့လက ကဘူးလ် ကျသွားတာကို မိမိတို့ တွေ့ခဲ့ရသလို အကြမ်းဖက်မှုအပေါ် ဆက်လက်တိုက်ဖျက်နေရတာတွေ ဆက်ရှိနေတယ်ဆိုတာကို မြင်ခဲ့ရတယ်၊ အာဖဂန်နစ္စတန်ရဲ့ အနာဂတ်ဟာ ကျွန်မတို့ နှစ်နိုင်ငံစလုံးအတွက် စိုးရိမ်ပူပန်စရာ ကိစ္စအဖြစ် ဆက်ရှိနေဆဲပါ” ဟု ပေးက ပြောခဲ့သည်။

“ကျွန်မတို့ နှစ်နိုင်ငံစလုံးဟာ ဆိုးရွားလှတဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေနဲ့ ကြုံတွေ့ထားခဲ့ရပါတယ်၊ ပြီးတော့ မျက်မှောက်ခေတ်၊ မူမတူ ယှဥ်တွဲမှုကို လက်ခံတဲ့ ဒီမိုကရေစီ ကမ္ဘာကြီးတစ်ခုမှာ ဒီနေ့ စက်တင်ဘာ ၁၁ ရက်ဟာ လွန်ခဲ့တဲ့ နှစ် ၂၀ အကြာက ကျွန်မတို့ရဲ့ မိတ်ဆွေနိုင်ငံ အမေရိကန်မှာ ဖြစ်ပျက်ခဲ့တဲ့ ဆိုးရွားတဲ့ ဖြစ်စဥ်တွေအတွက် ထာဝရ အမှတ်ရမိနေပါလိမ့်မယ်” ဟု သူမက ပြောခဲ့သည်။

တချိန်တည်းမှာပင် သြစတြေးလျနှင့် အိန္ဒိယအကြား ကာကွယ်ရေးဆိုင်ရာ ဆက်ဆံပတ်သက်မှုအပေါ် သြစတြေးလျကာကွယ်ရေးဝန်ကြီး ပီတာ ဒက်တန်က ချီးကျူးအမွှမ်းတင်ခဲ့ပြီး ယင်းက သမိုင်းဝင် မြင့်မားတဲ့ အဆင့်တစ်ခုတွင် ရှိနေခဲ့သည်ဟု ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly