ဂန့်ဂေါမြို့နယ်၊ ထယ်လှော်ရွာရှိ လူနေအိမ်များကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီး ၊ ရွာသား ၂ဦးကို ပစ်သတ်သွား

13 September 2021
ဂန့်ဂေါမြို့နယ်၊ ထယ်လှော်ရွာရှိ လူနေအိမ်များကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီး ၊ ရွာသား ၂ဦးကို ပစ်သတ်သွား

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ် ထယ်လှော်ရွာအတွင်းရှိ လူနေအိမ် ၂၁ အိမ်ကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးကာ ရွာသားနှစ်ဦးကို ပစ်သတ်သွားခဲ့ကြောင်း သိရသည်။ 
ဂန့်ဂေါမြို့၏ မြောက်ဘက် ၁၆မိုင်အကွာ ဂန့်ဂေါ- ကလေး ကားလမ်းဘေးရှိ အိမ်ခြေ ၃၀၀ကျော်ရှိသည့် ထယ်လှော်ရွာမှ လူနေအိမ်များကို စစ်ကောင်စီက ယနေ့ စက်တင်ဘာ ၁၂ ရက် မနက်ပိုင်းတွင် မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်သည်။ 
" သူတို့ပြန်သွားတော့ ရွာကို မီးငြိမ်းဖို့ ပြန်တာ။ရွာသား တစ်ဦး ၊ pdf တစ်ဦးသေနေတာ တွေ့ရတယ်။ အိမ်က ၂၁ အိမ်လောင်သွားတယ်။ အခုတော့ တောထဲပြန်နေကြတာ၊ ရွာမှာမနေရဲသေးဘူး" ဟု ဒေသခံ တစ်ဦးက မဇ္စျိမကို ပြောသည်။ 
ယမန်နေ့ ညနေက ထယ်လှော်ရွာအတွင်းသို့ စစ်ကောင်စီတပ်ဖွဲ့ဝင် အယောက် ၂၀ ခန့် ဝင်ရောက် တပ်စွဲနေသည့်အတွက် ယင်းအချိန်ကတည်းက ဒေသခံ ၁၀၀၀ကျော် ထွက်ပြေးတိမ်းရှောင်ခဲ့ကြရပြီး ယနေ့ ညနေ ၃ နာရီကျော် အချိန်တွင် စစ်ကောင်စီတပ်များ ရွာမှ ပြန်ထွက်သွားခဲ့ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။ 
ဂန့်ဂေါ-ကလေးတဝိုက်မှ  ရွာပေါင်း ၁၀ ရွာနီးပါးမှ ဒေသခံများသည်  တောများအတွင်း စစ်ဘေးရှောင်နေရပြီး စစ်‌ဘေးရှောင်များသည်  ရုတ်တရက်ထွက်ပြေးလာရ‌သည့်အတွက် အစားအသောက်၊အဝတ်အထည်နှင့်  ဆေးဝါးလိုအပ်‌နေကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly