ခရမ်းမြို့နယ် ကျုံတူးကျေးရွာမှ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ပစ်သတ်ခံရ

ခရမ်းမြို့နယ် ကျုံတူးကျေးရွာမှ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ပစ်သတ်ခံရ

စက်တင်ဘာ ၁၂

ရန်ကုန်တိုင်းဒေသကြီး၊ ခရမ်းမြို့နယ်၊ ကျုံတူးကျေးရွာမှ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးတင်အောင်သည် ယနေ့ စက်တင်ဘာ ၁၂ ရက် နံနက် ၁၀ နာရီခွဲက သေနတ်ပစ်ခံရ၍ သေဆုံးသွားကြောင်း ဒေသခံတစ်ဦးက မဇ္ဈိမကို အတည်ပြု ပြောသည်။

“သူက ပါးမှာ တစ်ချက်ပေါက်တယ်၊ နားထင်တစ်ချက်ပေါက်တယ်။ အခုသေသွားပြီ” ဟု ဒေသခံတစ်ဦးက မဇ္ဈိမကို ပြောသည်။

ဦးတင်အောင်သည် အသက် ၅၀ ဝန်းကျင်အရွယ်ဖြစ်ပြီး ၎င်းနေအိမ်တွင် သေနတ်ဖြင့် နှစ်ချက်ခန့် ပစ်ခတ်ခံရပြီးနောက် ခရမ်းဆေးရုံသို့ ပို့ဆောင်စဉ် လမ်းတွင်သေဆုံးသွားခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

ဒေသခံတစ်ဦးက “သူက ကျေးရွာမှာ နည်းနည်းလေးနာမည်ထွက်တယ်။ ဒီလူငယ်ပိုင်းဆိုင်ရာတို့ နောက်ပြီး အိမ်တိုင်းကို မသင်္ကာတဲ့ပုံစံနဲ့ လက်ညှိုးထိုးတာတို့ ဘာညာရှိတာပေါ့။ လူငယ်တွေကိုလည်း လက်ညှိုးထိုး၊ အိမ်တိုင်းကိုလည်း လက်ညှိုးထိုး ဖမ်းဆီးထိန်းသိမ်းခိုင်းတယ်။ စကစကို ရွာကိုခေါ်ပြီးတော့ ပြည်သူတွေကို ဒုက္ခပေးတယ်။” ဟု ပြောသည်။

စစ်ကောင်စီခန့် ကျုံတူးကျေးရွာအုပ်ချုပ်ရေးမှူး ဦးတင်အောင် သေဆုံးမှုသည် ၎င်းတို့အဖွဲ့လက်ချက်ဖြစ်ကြောင်း ခရမ်းဒေသ ပြည်သူ့ကာကွယ်ရေး PDF တပ်ဖွဲ့ဝင်တစ်ဦးက မဇ္ဈိမကို ပြောသည်။

“သူက ဟိုးအရင်တုန်းကတည်းက နာမည်စာရင်းပေါက်ထားပြီးသား။ ရွာမှာနာမည်စာရင်း ပေါက်ထားပြီးသားမို့လို့ ကျွန်တော်တို့က တစ်ဆင့်ပြီးတစ်ဆင့် သွားနေတာသူ့ကို” ဟု ခရမ်းဒေသ ပြည်သူ့ကာကွယ်ရေး PDF တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

ခရမ်းမြို့နယ်တွင် ယခု သေနတ်ပစ်သတ်ခံရသည့် ကျုံတူးကျေးရွာ အုပ်ချုပ်ရေးမှူး ဦးတင်အောင် အပါအဝင် အုပ်ချုပ်ရေးမှူးနှစ်ဦး၊ ပြည်ခိုင်ဖြိုးပါတီ ထောက်ခံဝန်းရံသူတစ်ဦးနှင့် စစ်တပ်အရာရှိ ဗိုလ်ကြီးတစ်ဦး သတ်ဖြတ်ခံခဲ့ရကြောင်း သိရသည်။

ကျုံတူးကျေးရွာသည် ခရမ်းမြို့ အနောက်ဘက် အရပ်တွင် တည်ရှိပြီး ခရမ်းမြို့ပေါ်နှင့် ငါးမိုင်ခန့်ကွာဝေးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly