လူမှုကွန်ရက်တွင် ပျံ့နှံ့နေသည့် လက်သုံးချောင်းထောင်ထားသည့် လူငယ်၂ ဦးမှာ စစ်ဘေးရှောင်နေသူများသာဖြစ်ကြောင်း မိသားစုဝင်က အတည်ပြု

လူမှုကွန်ရက်တွင် ပျံ့နှံ့နေသည့် လက်သုံးချောင်းထောင်ထားသည့် လူငယ်၂ ဦးမှာ စစ်ဘေးရှောင်နေသူများသာဖြစ်ကြောင်း မိသားစုဝင်က အတည်ပြု

စက်တင်ဘာ ၁၁

အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် စစ်သားတစ်ဦးက လက်တွင်နိုင်လွန်ကြိုးဟု ယူဆရသည့်ကြိုး ကိုင်ပြီး ရယ်နေသည့်ပုံစံဖြင့် လူငယ်အရွယ် အမျိုးသား နှစ်ဦးကိုဖမ်းဆီးချုပ်နှောင် နှိပ်စက်ထားပုံရသည့် ဓာတ်ပုံတစ်ပုံသည် ယနေ့ စက်တင်ဘာ ၁၁ ရက် နံနက်ပိုင်းအချိန်က လူမူကွန်ရက်စာမျက်နှာ‌ပေါ်တွင် ပျံ့နှံ့လာခဲ့သည်။

ဓာတ်ပုံပါ လူငယ်နှစ်ဦးသည် မျက်နှာတွင် သွေးများ ထွက်ကာ ဒူးထောက်ထိုင်ထားကြပြီး အာဏာရှင်ဆန့်ကျင်ရေးသ‌င်္ကေတ လက်သုံးချောင်းကို ထောင်ထားကာ ၎င်းတို့၏ လက်တစ်ဖက်စီကို ပူးတွဲချည်ထားသည်။ ၎င်းတို့ကိုချည်နှောင်ထားသည့် ကြိုး၏ တစ်ဖက် ကြိုးစကို အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် တစ်ဦးက ကိုင်လျက် ပြုံးရွင်ကာထိုင်နေ သည်။ ထိုပုံကို လူမူကွန်ရက်စာမျက်နှာများမှတဆင့် သတင်းဌာနများကလည်း ကျယ်ကျယ်ပြန့်ပြန့် ကူးယူဖော်ပြကြသည်။

အဆိုပါ ဓာတ်ပုံသည် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် တစ်ဦးအသုံးပြုသည်ဟု ယူဆရသည့် A T Zaw ၊ Yan Naing နှင့် Z W Phyo ဆိုသည့် Facebook Accountများမှ တစ်ဆင့် အစပြု ပျံ့နှံ့လာခဲ့သည်။

မဇ္ဈိမသတင်းဌာနအနေဖြင့် အဆိုပါ လူငယ်နှစ်ဦး နှင့်ပတ်သက်၍ လိုက်လံစုံစမ်းရာ ကယားပြည်နယ်(ကရင်နီပြည်နယ်) ၊ဒီမော့ဆို မြို့နယ် ၊စံပြ (၆) ရွာနေ ပါစကွားလယ်နှင့် ဖီးဒီးလယ် ဖြစ်ကြောင်း သိရသည်။ ၎င်းတို့သည် ညီအစ်ကိုတစ်ဝမ်းကွဲ တော်စပ်ကြပြီးပါစကွားလယ်မှာ အကိုဖြစ်ပြီး နှင့် ဖီးဒီးလယ်မှာ ညီဖြစ်ကြောင်း ၎င်းတို့၏ မိသားစုဝင်များက အတည်ပြု‌ သည်။

"ညီအစ်ကိုတစ်ဝမ်းကွဲတွေပါ။အသက် ၁၈ နှစ်တောင်မပြည့်သေးပါဘူး။ စစ်ရှောင်နေရင်း အိမ်မှာရိက္ခာပြန်ယူမယ်ဆိုပြီး နှစ်ယောက်သားထွက်သွားကြတာ " ဟု ပါစကွားလယ်၏ မိသားစုဝင်တစ်ဦးက မဇ္ဈိမသတင်းဌာနကို ပြောသည်။

စက်တင်ဘာ ၈ ရက် နံနက်အစောပိုင်းက ၎င်းတို့ ညီအစ်ကိုနှစ်ဦးသည် စံပြ(၆) ရွာ ရှိနေအိမ်တွင် ရိက္ခာပြန်ယူစဉ် အကြမ်းဖက်စစ်ကောင်စီတပ် စကခ (၇) လက်အောက်ခံ ဒီမော့ဆိုအခြေပြု ခလရ (၁၀၂) တပ်ဖွဲ့ဝင်များက နံနက် ၁၀ နာရီ ဝန်းကျင်တွင် ဖမ်းဆီးသွားခဲ့ခြင်းဖြစ်ကြောင်း မိသားစုဝင်များက ပြောသည်။

"၈ရက်နေ့ထဲက အဖမ်းခံလိုက်ရတယ်ဆိုတာသိတယ်။ ၁၀၂ တပ် က ဖမ်းသွားတာ " ဟု မိသားစုဝင် တစ်ဦးက ဆိုသည်။

လက်ရှိအချိန်တွင် အဆိုပါ လူငယ်နှစ်ဦး၏ သတင်းအချက်အလက်အပြည့်အစုံကို မိသားစုဝင်များအနေဖြင့် သေချာ မသိရှိသေးဘဲ ဖမ်းဆီးခံရသည့် နေ့ရက် နှင့် ဓာတ်ပုံကိုသာ အတည်ပြုရသေးသည်။

"သူတို့က PDF တွေလည်းမဟုတ်ပါဘူး။ စစ်ရှောင်ကလေးငယ်လေးတွေပါ၊ မတရားဖမ်းဆီးခံထားရတာပါ " ဟု မဇ္ဈိမသတင်းဌာန ၏ မေးမြန်းမှုကို မိသားစုဝင်တစ်ဦးက ပြောသည်။

အဆိုပါ လူငယ်နှစ်ဦးကို ငွေတောင်အခြေပြု ခမရ( ၄၂၇ ) တပ်တွင် ဖမ်းဆီးထိန်းသိမ်းထားကြောင်းကို ပြည်တွင်းအခြေစိုက် တာချီလိတ် သတင်း အေဂျင်စီ က ဖော်ပြထားသော်လည်း မဇ္ဈိမအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါ။

"အခုအသက်ရှင်လား ဘယ်နေရာမှာဖမ်းဆီးချုပ်နှောင်ထားသလဲဆိုတာ မသိပါဘူး။ အွန်လိုင်းက တစ်ဆင့်ပဲ သိနေရတာပါ။ ဖမ်းဆီးခံရတာပဲ သိလိုက်ရတယ်။ အဆိုးဆုံးထိတော့ မှန်းထားပါတယ်။ သူတို့ဘယ်လောက်တောင်ကြောက်နေကြမလဲ " ဟု မိသားစုဝင်တစ်ဦးကပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၇ ရက်က ဒီမော့ဆိုမြို့နယ် ၊စံပြ (၆) ကျေးရွာအတွင်းရှိ ပြည်သူပိုင် နေအိမ်များကို အကြမ်းဖက်စစ်ကောင်စီ တပ်ဖွဲ့များက ဝင်ရောက်မီးရှို့ဖျက်ဆီးမှုများ လုပ်ဆောင်ခဲ့ခြင်းကြောင့် ဒေသခံများအနေဖြင့် ထွက်ပြေးတိမ်းရှောင်နေရသည် ။

ကယားပြည်နယ် (ကရင်နီပြည်နယ်) တွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့များ နှင့် ဒေသခံကာကွယ်ရေးတပ်များ မကြာခဏ တိုက်ပွဲများဖြစ်ပွား‌နေပြီး တိုက်ပွဲများတွင် စစ်ကောင်စီဘက်မှ သေဆုံးမှု အများအပြားရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required