ရှင်ကျန်းဒေသရှိ ဝီဂါတို့၏ အခွင့်အရေးဆိုင်ရာ လှုပ်ရှားသူတစ်ဦးကို ကာဇက်စတန်က ပြည်ဝင်ခွင့် ပိတ်ပင်

ရှင်ကျန်းဒေသရှိ ဝီဂါတို့၏ အခွင့်အရေးဆိုင်ရာ လှုပ်ရှားသူတစ်ဦးကို ကာဇက်စတန်က ပြည်ဝင်ခွင့် ပိတ်ပင်

အမေရိကန်နှင့် ရုရှား နှစ်နိုင်ငံသားခံယူထားသူ ဂျင်နေးဘန်နင်သည် တရုတ်နိုင်ငံအနောက်ပိုင်း ဒေသများမှ မွတ်စလင်လူနည်းစုများ၏ ကြုံတွေ့နေရသည့် ဒုက္ခများကို မှတ်တမ်းတင်ခဲ့သည်။

ယခုအခါ ၎င်းကို ကာဇက်စတန်အစိုးရက ပြည်ဝင်ခွင့် ပိတ်ပင်ထားကြောင်း ၎င်းက ပြောသည်။

ဂျင်နေးဘန်နင်သည် ရှင်ကျန်းဒုက္ခသည်များဆိုင်ရာ အချက်အလက်ပြုစုရေးအဖွဲ့ကို ထူထောင်သူအဖြစ် ထင်ရှားပြီး ၎င်းတို့ပြုစုထားသည့် စာရင်းများတွင် ရှင်ကျန်းဒေသ၌ ကာလကြာမြင့်စွာ လွှတ်မပေးတော့ဘဲ ဖမ်းဆီးထိန်းသိမ်းခံထားရသူ ၂၅၀၀၀ နီးပါး၏ အချက်အလက်များပါဝင်သည်။

တရုတ်အစိုးရက ဝီဂါများနှင့် အခြား တူရကီမွတ်စလင်များကို ရှင်ကျန်းဒေသတွင် လူမျိုးတုံးသတ်ဖြတ်မှုများ ကျူးလွန်နေကြောင်း အမေရိကန်အစိုးရက စွပ်စွဲထားသည်။ ယင်းဒေသရှိ ထောင်များနှင့် အကျဉ်းစခန်းများတွင် နှစ်ရှည် ဖမ်းဆီးခံထားရသူ ၁ သန်းကျော်ရှိနေကြောင်း ကျွမ်းကျင်သူများက ခန့်မှန်းထားသည်။

ဗဟိုအာရှဒေသရှိ ကာဇက်စတန်နိုင်ငံသည် ယခင်ဆိုဗီယက်ပြည်ထောင်စုဟောင်းမှ နိုင်ငံဖြစ်ပြီး ရှင်ကျန်းဒေသနှင့် ပတ်သက်၍ တရုတ်အစိုးရက သဘောထားကို လက်ခံနေရဖွယ်ရှိသည်။ ကာဇက်စတန် လူမျိုးထောင်ပေါင်းများစွာတို့၏ မိသားစုများသည် ရှင်ကျန်းဒေသတွင် ရှိနေသလို ယင်းဒေသတွင် တူရကီလူမျိုးများသည် ဝီဂါများပြီးနောက် ဒုတိယအရေအတွက်အများဆုံးဖြစ်သည်။

၎င်းအား ကာဇက်စတန်နိုင်ငံက ပြည်ဝင်ခွင့် ပိတ်ပင်ထားသည့် စာရွက်စာတမ်းများကို ဘန်နင်က အေအက်ဖ်ပီ သတင်းဌာနသို့ ပြသခဲ့သည်။

ကာဂစ္စတန်မှ လေယာဉ်ဖြင့် ကာဇက်စတန်နိုင်ငံ၏ အကြီးဆုံးမြို့တော် အယ်လ်မတ်တီသို့ စက်တင်ဘာ ၅ ရက်က ရောက်ရှိချိန်တွင် ယခုကဲ့သို့ ဝင်ခွင့်တားမြစ်သည့် စာရွက်စာတမ်းကို ရရှိခဲ့ခြင်း ဖြစ်သည်။

ကာဇက်စတန်တွင် ၂၀၂၀ ပြည့်နှစ်အထိ ၂ နှစ်ဝန်းကျင်ခန့်နေထိုင်ခဲ့သူဖြစ်သည့် ၎င်းအား နိုင်ငံတွင်းမှ နှင်ထုတ်ခဲ့သည့် အကြောင်းရင်းကို တာဝန်ရှိသူများက မပြောကြားခဲ့ကြောင်း ဘန်နင်က ပြောသည်။

အသက် ၃၆ နှစ်အရွယ် ဘန်နင်က “ဂုဏ်ယူပါတယ် ကာဇက်စတန်၊ အာဏာရှင်တို့ရဲ့ ငရဲပြည်ကို သက်ဆင်းပြီပေါ့” ဟု ရေးသားခဲ့သည်။

ယမန်နှစ်ကလည်း ဥဇဘက်ကစ္စတန်နိုင်ငံ၏ ပြည်ဝင်ခွင့် ပိတ်ပင်ခံခဲ့ရသည့် ဘန်နင်သည် အေအက်ဖ်ပီအပါအဝင် နိုင်ငံခြား မီဒီယာ အဖွဲ့အစည်းအများအပြားတွင် လုပ်ကိုင်ခဲ့ဖူးသည်။

ရှင်ကျန်းတွင် သူ လုပ်ကိုင်ခဲ့ခြင်းနှင့် ဆက်စပ်ပြီး ပြည်နှင်ဒဏ်ပေးခံရသည်မှာ ၉၉ ဒသမ ၉ ရာခိုင်နှုန်း သေချာကြောင်းနှင့် ကာဇက်စတန်အာဏာပိုင်များသည် ရှင်ကျန်းအရေး လှုပ်ရှားသူများကို ဖမ်းဆီးခြင်း၊ နှောက်ယှက်ခြင်းများ ပြုလုပ်လေ့ရှိကြောင်း ဘန်နင်က ပြောသည်။

ကာဇက်စတန်သည် တရုတ်၏ ဒေါ်လာထရီလီယံတန်ဖိုးရှိ ခါးပတ်လမ်းအစီအစဉ်တွင် ချိတ်ကွင်းဆက်တစ်ခုအ ဖြစ် ၎င်းတို့ကိုယ်တိုင် သတ်မှတ်ထားပြီး ၎င်း၏ ရေနံနှင့် သဘာဝဓာတ်ငွေ့များအတွက် တရုတ်ဈေးကွက်ကို အားထားနေရသည်။

လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ကြောင်း အမေရိကန်၏ စွပ်စွဲချက်ကို တရုတ်က ငြင်းဆိုထားသလို ရှင်ကျန်းဒေသရှိ အကျဉ်းစခန်းကဲ့သို့ အဆောက်အအုံများသည် အသက်မွေးဝမ်းကျောင်းပညာသင်ကြားသည့် နေရာများဖြစ်ကြောင်း ပြောကြားထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly