ရန်ကုန်မြို့အတွင်း စစ်ရေးလှုပ်ရှားမှု ၉ ခု ပြုလုပ်ခဲ့ဟု ဖ.ဆ.လ.တ ထုတ်ပြန်

ရန်ကုန်မြို့အတွင်း စစ်ရေးလှုပ်ရှားမှု ၉ ခု ပြုလုပ်ခဲ့ဟု ဖ.ဆ.လ.တ ထုတ်ပြန်

စက်တင်ဘာ ၁၁

စစ်အာဏာရှင်ဆန့်ကျင်ရေး ခုခံတွန်းလှန် စစ်အဖြစ် စက်တင်ဘာ ပထမပတ်အတွင်း ရန်ကုန်မြို့တွင် စစ်ရေးလှုပ်ရှားမှု ကိုးခုပြုလုပ်ခဲ့ကြောင်း ဖက်ဆစ်ဆန့်ကျင်ရေးလက်ရုံးတပ်ဖွဲ့ (ဖ.ဆ.လ.တ) မှ ယနေ့ စက်တင်ဘာ ၁၁ ရက် နံနက်တွင် ထုတ်ပြန်သည်။

ယင်းတိုက်ခိုက်မှုများအတွင်း အကြမ်းဖက်စစ်အုပ်စု၏ အဆောက်အဦ နှစ်ခု၊ ယာဉ် နှစ်စီး ပျက်စီးခဲ့၍ သတင်းပေး တစ်ဦးသေဆုံးခဲ့ကာ အကြမ်းဖက်စစ်အုပ်စုအဖွဲ့ဝင်များ ထိခိုက်ဒဏ်ရာရရှိမှုများ ရှိခဲ့ကြောင်းသိရသည်။

အဆိုပါ စစ်ရေးလှုပ်ရှားခဲ့သည့်နယ်မြေများမှာ မရမ်းကုန်းမြို့နယ် ဘုရင့်နောင်လမ်းဆုံရှိ ယာဉ်ထိန်းရုံးစစ်စခန်း ဖောက်ခွဲတိုက်ခိုက်မှု၊ တောင်ဒဂုံမြို့နယ် မောင်းမကန်လမ်းတွင် လူမဲ့သပိတ်ဖြိုခွင်းရန်လာသည့် စစ်ယာဉ်တန်းကို ဖောက်ခွဲတိုက်ခိုက်မှု၊ ဒဂုံဆိပ်ကမ်းမြို့နယ် ရွှေလီနှင့်ရတနာလမ်းထောင့်တွင် ယာဉ်ထိန်းရုံးအား သတိပေးဖောက်ခွဲမှု၊ ဒဂုံဆိပ်ကမ်းမြို့နယ် ဧရာဝဏ်လမ်း ဧရာချမ်းသာအိမ်ရာအနီး စစ်သုံးယာဉ်နှစ်စီးကို ဖောက်ခွဲတိုက်ခိုက်မှု၊ မရမ်းကုန်းမြို့နယ် ဦးဘဟန်လမ်း၌ စစ်ဆေးရေးအဖွဲ့အသုံးပြုသော ယာဉ်ထိန်းရုံးကို ဖောက်ခွဲတိုက်ခိုက်မှု၊ တောင်ဥက္ကလာပမြို့နယ် စစ်အုပ်စုတပ်ဖွဲ့များ၏ စစ်ဆေးရေးဂိတ်အနီး ဖောက်ခွဲတိုက်ခိုက်မှု၊ မြောက်ဒဂုံမြို့နယ် တပင်ရွှေထီးလမ်းတွင်ရှိသော ယာဉ်ထိန်းရုံးစစ်ဆေးရေးနှင့် စစ်ကင်းဖောက်ခွဲတိုက်ခိုက်မှု၊ ဒဂုံဆိပ်ကမ်းမြို့နယ် ရွှေလီလမ်းရှိ စည်ပင်ရုံးအနီး စစ်ကင်းစခန်း ဖောက်ခွဲတိုက်ခိုက်မှုနှင့် အကြမ်းဖက်စစ်အုပ်စု၏ ထောက်လှမ်းသတင်းပေးတစ်ဦးကို တိုက်ခိုက်မှုပြုလုပ်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ဖ.ဆ.လ.တ အဖွဲ့အနေဖြင့် ရာဇဝတ်မှုကျူးလွန်ပြီး ပြည်သူများအပေါ် အကြမ်းဖက်ခဲ့သောစစ်အုပ်စုအား တရားမျှတမှုမရရှိမခြင်း မည်သည့်တွေ့ဆုံညှိနှိုင်းရေး အပစ်အခတ်ရပ်စဲရေးမဆိုမပြုလုပ်ဘဲ တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ဆိုထားသည်။

ဖက်ဆစ်ဆန့်ကျင်ရေး လက်ရုံးတပ်ဖွဲ့သည် ပြည်နယ်အခြေစိုက် တော်လှန်ရေးအင်အားစုများနှင့် မြို့ပြပြောက်ကျား အင်အားစုများ စုပေါင်းထားသော နွေဦးကံ့ကော်ပြည်သူ့တော်လှန်ရေးအင်အားစုတွင် အစုအဖွဲ့တစ်ခုအဖြစ် ပါဝင်လှုပ်ရှားဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required