စက်တင်ဘာ ၁၁
စစ်ကောင်စီက ဖြန့်ချီရောင်းချသည့် အောင်ဘာလေထီကို အွန်လိုင်းမှတဆင့်ရောင်းချသွားရန် စီစဥ်နေကြောင်း ယနေ့ စက်တင်ဘာ ၁၁ ရက်ထုတ် စစ်ကောင်စီ၏ ကြေးမုံသတင်းစာတွင် ဖော်ပြပါရှိသည်။
အောင်ဘာလေထီကို အွန်လိုင်းမှတဆင့် ရောင်းချနိုင်ရန် နည်းပညာဝန်ဆောင်မှုပေးနိုင်သည့် ကုမ္ပဏီများနှင့် အဖွဲ့အစည်းများကို ရွေးချယ်ငှားရမ်းဆောင်ရွက်သွားမည်ဖြစ်ရာ စိတ်ဝင်စားသည့် ကုမ္ပဏီများအနေဖြင့် အဆိုပြုလွှာများကို အောက်တိုဘာ ၁၅ ရက်နောက်ဆုံးထားပေးသွင်းရမည် ဖြစ်သည်ဟု ဖော်ပြထားသည်။
" အဲဒီစနစ်က အရပ်သားအစိုးရလက်ထက်မှာထဲက အကောင်အထည်ဖော်ဖို့ လျာထားပြီးသားပါ။ အခု NUGအစိုးရပေါ့လေ။ E -Lottery ကိုလုပ်ဖို့ အားလုံးစီစဥ်ထားပြီးသား အာဏာလုလိုက်တဲ့အခါကျတော့ အစီအစဥ်တွေပျက်ကုန်တယ် ။ဒါပေမဲ့ အဝေးရောက်အစိုးရ NUGက ဒီစနစ်ကို နွေဦးထီဆိုပြီး အကောင်အထည်ဖော်တယ်။ ဒါကို တရားမဝင် ထီလက်မှတ်ဆိုပြီးကြေညာတယ်။ ဖမ်းတယ်။ သူတို့က အရာရာ လိုက်ပြိုင်ဆိုင်ချင်တာပဲသိတယ်။ ဘာတစ်ခုမှ သူတို့ မွေးရာပါဦးနှောက်နဲ့အလုပ် လုပ်တာမရှိဘူး။ ဘာလုပ်လုပ်ဗျာ ပြည်သူမပါရင်ဘာမှမအောင်မြင်တာကိုတော့ သူတို့သိဖို့ကောင်းပါတယ်"ဟု ထီလုပ်ငန်းရှင်တစ်ဦးက မဇ္စျိမ ကိုပြောသည်။
စစ်ကောင်စီက အောင်ဘာလေထီစနစ်ကို အကောင်အထည်ဖော်ရာတွင် အွန်လိုင်းစနစ်အပြင် ထီလက်မှတ်ကိုလည်း ထုတ်ဝေ ဖြန့်ဖြူးရောင်းချသွားမည် ဖြစ်သည်။
လက်ရှိတွင် NUGအစိုးရက အောင်လံလွှင့်ချီ နွေဦးထီကို နေ့စဥ် နံနက် ၁၀နာရီမှ ည၁၀ နာရီအထိ အချိန်တိုးမြှင့်ရောင်းချလျက်ရှိပြီး ရရှိငွေကို နွေဦးတော်လှန်ရေး အတွက် အသုံးပြုလျက်ရှိသည်။