NUG ကြေညာချက်နှင့်စပ်လျဉ်း၍ အာဆီယံသံတမန်နှင့် ဆွေးနွေးသွားမည်ဟု မလေးရှား ပြော

NUG ကြေညာချက်နှင့်စပ်လျဉ်း၍ အာဆီယံသံတမန်နှင့် ဆွေးနွေးသွားမည်ဟု မလေးရှား ပြော

စက်တင်ဘာ ၈

မြန်မာနိုင်ငံတွင် အာဏာသိမ်းစစ်အုပ်စုကို တနိုင်ငံလုံးအတိုင်းအတာဖြင့် တော်လှန်ရေးစရန် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ကြေညာချက်နှင့်စပ်လျင်း၍ မလေးရှားနိုင်ငံခြားရေးဝန်ကြီး ဒါတူ ဆိုင်ဖူဒင် အဗ္ဘဒူလာက မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးသံတမန် အာရီဝမ် ယူဆွတ်ဒ်နှင့် ဆွေးနွေးတိုင်ပင်သွားရန် ရှိနေကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ လက်ရှိနောက်ဆုံး ဖြစ်ပေါ်နေ‌သော အခြေအနေများနှင့်ပတ်သက်၍ ရန်ကုန်ရှိ မလေးရှားသံရုံးက အနီးကပ် စောင့်ကြည့်လျက် ရှိကြောင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီးက ပြောသည်။

မြန်မာနိုင်ငံတွင် ဖေဖေါ်ဝါရီ ၁ ရက်က စစ်တပ်က အာဏာသိမ်းပြီး ဒီမိုကရေစီနည်းကျ ရွေးကောက်ခံထားရသည့် ဒေါ်အောင်ဆန်းစုကြည်  ဦးဆောင်သော အစိုးရကို ဖြုတ်ချခဲ့ပြီးနောက် အရပ်ဘက် မငြိမ်မသက်မှုများ ဖြစ်ပေါ်ထားခဲ့သည်။

ပြီးခဲ့သည့် ခြောက်လတာအတွင်း မြန်မာနိုင်ငံတွင် တိုးတက်မှုအခြေအနေများ မရှိခဲ့သော်လည်း အာဆီယံအနေဖြင့် မြန်မာ့အရေး ဖြေရှင်းရေးဆိုင်ရာ ဘုံသဘောတူညီချက် ငါးချက်အတိုင်း ဖော်ဆောင်ရန် ဆုံးဖြတ်ထားပြီး ဖြစ်ကြောင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီးက ပြောသည်။

“ကျွန်တော် သူ (မြန်မာဆိုင်ရာ အာဆီယံအထူးသံတမန်) နဲ့ ဆက်သွယ်နေပါတယ်၊ ပြီးရင် ကျွန်တော်တို့ တစ်ခြားဘာတွေ လုပ်လို့ရနိုင်မလဲ ဆိုတာနဲ့ ဒါကို ကျွန်တော်တို့ ဘယ်လောက် မြန်မြန်ဆန်ဆန် တွန်းအားပေးနိုင်မလဲ ဆိုတာကို ကြည့်ပါမယ်၊ ဒါပေမယ့် ခု နောက်ဆုံးဖြစ်ပေါ်နေတဲ့ အခြေအနေအရဆိုရင် ကျွန်တော်တို့ဟာ တကယ်ပဲ တစ်ကနေ ပြန်စသွားရပါလိမ့်မယ်” လို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီးက စက်တင်ဘာ ၈ ရက် သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောခဲ့သည်။

မြန်မာနိုင်ငံရှိ သက်ဆိုင်သည့် အဖွဲ့အစည်းအားလုံးနှင့် တွေ့ဆုံရန်အတွက် အာဆီယံအထူးသံတမန်အနေဖြင့် လက်ရှိအချိန်အထိ မြန်မာနိုင်ငံကို သွားရောက်နိုင်ခြင်း မရှိသေးခြင်းနှင့်အတူ အာဆီယံဘုံသဘောတူညီချက် ငါးချက်ကို တတ်နိုင်သမျှ မြန်မြန်ဆန်ဆန် ဖော်ဆောင်နိုင်ခြင်း မရှိသေးသည့်အပေါ် အာဆီယံအဖွဲ့ဝင်တစ်နိုင်ငံဖြစ်သည့် မလေးရှားက အားမလို အားမရဖြစ်နေသည်။

မြန်မာ၏ NUG အစိုးရက စစ်အာဏာရှင်ဖြုတ်ချရန် တနိုင်ငံလုံး ခုခံတော်လှန်ကြရေး ထုတ်ပြန်ကြေညာခဲ့မှုအပေါ် ထင်မြင်ချက်များ မေးမြန်းခဲ့ချိန်တွင် ယင်းသည် အာဆီယံ၏ အပိုင်းကဏ္ဍနှင့်ပတ်သက်ပြီး မအောင်မြင်မှုကို ထင်ဟပ်ပြသနေသည်ဟု မလေးရှားနိုင်ငံခြားရေးဝန်ကြီး ဆိုင်ဖူဒင်က ပြောသွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly