ပါကစ္စတန် မီဒီယာများက အမျိုးသမီးများအကြမ်းဖက်ခံရသည့် သတင်းများကို ဖော်ပြမှုနည်းပါးနေ

ပါကစ္စတန် မီဒီယာများက အမျိုးသမီးများအကြမ်းဖက်ခံရသည့် သတင်းများကို ဖော်ပြမှုနည်းပါးနေ

နိုင်ငံအတွင်းရှိ မီဒီယာများသည် အရှေ့ပန်ဂျပ်ပြည်နယ်တွင် အမျိုးသမီးများအကြမ်းဖက်ခံမှုသတင်းများကို ဖော်ပြမှုနည်းပါးကြောင်း ပါကစ္စတန်အခြေစိုက်လူ့အခွင့်အရေးအဖွဲ့တစ်ဖွဲ့က အစီရင်ခံစာတစ်စောင် ထုတ်ပြန်ခဲ့သည်။

၂၀၂၁ခုနှစ် ပထမခြောက်လအတွင်း အမျိုးသမီး ၆၇၅၄ ဦး ပြန်ပေးဆွဲခံရပြီး ၁၈၉၀ ဦး အဓမ္မပြုကျင့် ခံရသည့် အနက် အမျိုးသမီးများအကြမ်းဖက်ခံရမှု ၃၇၂၁ မှုသည် ပန်ဂျပ်ပြည်နယ်မှ ဖြစ်သည်ဟု ရေရှည်လူမှု့ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့အစည်း (SSDO) အစီရင်ခံစာကို ကိုးကား၍ Dawn က ဖော်ပြခဲ့သည်။

အစ္စလာမာဘတ်မြို့တော်တွင် အမျိုးသမီးအဓမ္မပြုကျင့်ခံရမှု ၃၄ ဦး သာရှိချိန်တွင် အရှေ့ပိုင်းပြည်နယ်၌ ကလေးသူငယ်ညှဉ်းပန်းနှိပ်စက်မှု ၇၅၂ မှု ရှိသော်လည်း အမှုပေါင်း ၂၇ မှုသာ မီဒီယာတွင် ဖော်ပြခံခဲ့ရသည်ဟု ယင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

လာဟိုးသည် ပန်ဂျပ်ပြည်နယ်၏ မှုခင်းအဖြစ်အများဆုံးခရိုင်ဖြစ်ပြီး မုဒိမ်းမှု၊ အမျိုးသမီးများ အကြမ်းဖက်ခံရမှု၊ ပြန်ပေးဆွဲမှု၊ အိမ်တွင်းအကြမ်းဖက်မှုနှင့် ကလေးသူငယ်ညှဉ်းပန်းနှိပ်စက်မှု အများဆုံး ဖြစ်ပွားရာနေရာဖြစ်ကြောင်း အစီရင်ခံစာတွင် ပါရှိသည်။ SSDO အစီရင်ခံစာတွင် ပါဝင်သောအချက်အလက်များသည် အင်္ဂလိပ်နှင့် အူရဒူပုံနှိပ်မီဒီယာများမှ ထောက်ပံ့ထား သောသတင်းအချက်အလက်များနှင့် တရားဝင်မှတ်ပုံတင်ထားသောအမှုများကို ဖော်ပြထားခြင်းဖြစ်သည်။

ယင်းကိစ္စနှင့် ပတ်သက်၍ မီဒီယာတွင်သင့်တော်သောဖော်ပြမှု မရှိခြင်းသည် ကြောက်စရာကောင်းကြောင်း SSDO ၏ ဒါရိုက်တာ ရှာဟစ်ဂျတိုက ပြောကြားခဲ့သည်။

"တရားဝင်အချက်အလက်တွေနဲ့ နှိုင်းယှဉ်ရင် မီဒီယာမှာ ဖော်ပြခံရမှု နည်းပါးတာက ပန်ဂျပ်နဲ့ အိုင်စီတီမှာ အမျိုးသမီးတွေနဲ့ ကလေးသူငယ်တွေကို လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီး စိုးရိမ်ဖွယ်ရာအခြေအနေတွေကို မီဒီယာတွေက အာရုံစိုက်မှုကင်းမဲ့နေတာပါ" ဟု ရှာဟစ်ဂျတို၏ ပြောကြားချက်ကို Dawn မှ ကိုးကား၍ ဖော်ပြခဲ့သည်။

၂၀၂၁ခုနှစ်အစောပိုင်းက ပါကစ္စတန်တွင် အမျိုးသမီးများ၏ အခက်အခဲများနှင့် ပတ်သက်သည့် ထိတ်လန့်စရာအခြေအနေကို ပါကစ္စတန်၏ လူ့အခွင့်အရေးအခြေအနေဆိုင်ရာ နှစ်ပတ်လည်အစီရင်ခံစာတွင် ဖော်ပြခဲ့သည်။

ပါကစ္စတန်လူ့အခွင့်အရေးကော်မရှင် (HRCP)၏ အစီရင်ခံစာတွင် ပါကစ္စတန်ရှိ အမျိုးသမီးများ၏ စိုးရိမ်ဖွယ်ရာအခြေအနေကို ရေးသားဖော်ပြခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly