နယ်မြေခံ စစ်ကောင်စီတပ်များ ပြည်သူနှင့်အတူ ပူးပေါင်းကြရန် KNDF စစ်ဦးစီးအဖွဲ့က တိုက်တွန်း

နယ်မြေခံ စစ်ကောင်စီတပ်များ ပြည်သူနှင့်အတူ ပူးပေါင်းကြရန် KNDF စစ်ဦးစီးအဖွဲ့က တိုက်တွန်း

စက်တင်ဘာ ၈

ကရင်နီပြည်နယ်အခြေစိုက် နယ်မြေခံ စစ်ကောင်စီတပ်ရင်းများက စစ်သားများကို ပြည်သူ့ဘက်သို့ကူးပြောင်းရန် KNDF စစ်ဦးစီးအဖွဲ့က ယနေ့တွင် ပန်ကြားလိုက်သည်။

" စစ်သားတွေ ရဲတွေကို မုန်းလို့တိုက်နေတာမဟုတ်ပါဘူး။ NLD အတွက် တိုက်နေတာလည်းမဟုတ်သလို တိုင်းရင်းသားပါတီတွေ အာဏာရရေးအတွက် တိုက်နေတာမဟုတ်ပါဘူး။ တိုင်းပြည်အပေါ် နှစ်ပေါင်း ၆၀ ကျော် လက်နက်အားကိုးဗိုလ်ကျပြီး ကိုယ်ကျိုးအတွက်အာဏာကို အလွဲသုံးစားလုပ်နေတဲ့ စစ်ဗိုလ်တစ်စုနှင့် သူတို့ရဲ့ အပေါင်းအပါတွေကို တော်လှန်တိုက်ခိုက်နေခြင်းဖြစ်ပါတယ်။" ဟု ပန်ကြားစာတွင် ပါရှိသည်။

ကရင်နီပြည်တွင် " စစ်အာဏာရှင် အမြစ်ပြတ်ချေမှုန်းရေး" တိုက်ပွဲများစတင်ခဲ့သည်မှာ သုံးလကျော်အတွင်း အရပ်သားများ၏ အသက်၊ အိုးအိမ်များအပါအဝင် ပြည်သူ့ကာကွယ်ရေးရဲဘော်များနှင့် အကြမ်းဖက်စစ်ကောင်စီဘက်ကတိုက်နေသော နယ်မြေခံတပ်ရင်းကတပ်သားများလည်း ကျဆုံးခဲ့သည်ဟုပါရှိသည်။

ကရင်နီပြည်နယ်တွင် တိုက်ပွဲများ ပိုမိုပြင်းလာနိုင်‌ သောကြောင့် " ဆရာတို့ရဲ့အသက်ကို မိစ္ဆာအုပ်စုတွေအကျိုးအတွက် စတေးစရာမလိုပါဘူး။ ဒီတော်လှန်ရေးဟာ ပြည်သူတစ်ရပ်လုံး (ဆရာတို့အပါအဝင်) အကျိုးအတွက်ဖြစ်တာနဲ့အညီ ဒီတော်လှန်ရေး အမြန်ဆုံးပြီးမြောက်အောင်မြင်အောင် အဖိနှိပ်ခံပြည်သူတွေဘက်ကိုရပ်တည်ပေးကြပါ။ ကျွန်တော်တို့ KNDF တပ်တွေနဲ့ လာရောက်ပူးပေါင်းကြပါ။ ဆရာတို့လာရောက်ပူးပေါင်းမယ်ဆိုရင် ဆရာတို့လုံခြုံရေးကို ကျွန်တော်တို့ အထူးအာမခံပါတယ်။" ဟု ပါရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly