အာဖဂန်နစ္စတန်မှာ တာလီဘန်တို့ အစိုးရ ဖွဲ့စည်းကြောင်း ကြေညာ

အာဖဂန်နစ္စတန်မှာ တာလီဘန်တို့ အစိုးရ ဖွဲ့စည်းကြောင်း ကြေညာ
Photo - AFP

စက်တင်ဘာ ၈

အာဖဂန်နစ္စတန်နိုင်ငံမှာ တာလီဘန်တွေက အစိုးရတစ်ရပ် ဖွဲ့စည်းလိုက်ကြောင်း စက်တင်ဘာ ၇ ရက်မှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ဒါဟာ ယင်းနိုင်ငံမှာ အမေရိကန် ကျောထောက်နောက်ခံပြု သမ္မတကို ဖြုတ်ချပြီး တာလီဘန်တို့ နိုင်ငံကို သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ပြီးနောက် ခုလိုမျိုး ၎င်းတို့ရဲ့ အစိုးရတစ်ရပ်ကို ဖွဲ့စည်းလိုက်တာ ဖြစ်ပါတယ်။

ယခု တာလီဘန်တို့ ဖွဲ့စည်းတဲ့ အစိုးရအဖွဲ့ဟာ ကြားဖြတ်အစိုးရတစ်ရပ်ဖြစ်ပြီး ယင်းအစိုးရအဖွဲ့ကိုတော့ တရားသေအယူစွဲကိုင်တဲ့ အဆိုပါ တာလီဘန်အဖွဲ့ရဲ့ ဝါရင့်ပုဂ္ဂိုလ်တစ်ဦး ဖြစ်သလို ကုလသမဂ္ဂရဲ့ အမည်ပျက်စာရင်းသွင်းခံထားရတဲ့ မူလာ မိုဟာမက် ဟက်ဆန် အက်ခွန်က ဦးဆောင်သွားမှာ ဖြစ်ပါတယ်။

အာဖဂန်နစ္စတန်နိုင်ငံမှာ တာလီဘန်တို့က စစ်သွေးကြွအဖွဲ့ကနေ အာဏာရအစိုးရအဖွဲ့အဖြစ် အသွင်ကူးပြောင်းနေချိန် ယင်းရဲ့ အုပ်ချုပ်မှုအပေါ် ဆန့်ကျင်ဆန္ဒပြမှုတွေလည်း ဖြစ်ပေါ်နေပြီး နိုင်ငံအနောက်ပိုင်း ဟီရတ်မြို့မှာ လူနှစ်ဦး ပစ်သတ်ခံခဲ့ရတယ်လို့ သိရပါတယ်။

၁၉၉၀ ပြည့်နှစ်က တာလီဘန်တို့ရဲ့ လူမဆန်ဘဲ ဖိနှိပ်ချုပ်ချယ်တဲ့ အုပ်ချုပ်မှုအတွင်း အကြီးတန်းဝန်ကြီးတစ်ဦး ဖြစ်ခဲ့တဲ့ မူလာ မိုဟာမက် ဟက်ဆန် အက်ခွန်ကိုတော့ ယခု အစိုးရအဖွဲ့ရဲ့ ခေတ္တဝန်ကြီးချုပ်အဖြစ် ခန့်အပ်လိုက်ကြောင်း တာလီဘန် ပြောရေးဆိုခွင့်ရှိသူက ကဘူးလ်မြို့မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲတစ်ခုမှာ ပြောပါတယ်။

တာလီဘန်တွေက ယခုတစ်ကြိမ် ၎င်းတို့ရဲ့ အစိုးရအဖွဲ့ဟာ အားလုံးပါဝင်တဲ့ အစိုးရတစ်ရပ် ဖြစ်မယ်လို့ ကတိပြုထားခဲ့ပေမယ့် ယခု ကြေညာခဲ့တဲ့ အစိုးရအဖွဲ့ရဲ့ ထိပ်ပိုင်းနေရာတွေကိုတော့ တာလီဘန်လှုပ်ရှားမှုအဖွဲ့နဲ့ ဟက်ကာနီ ကွန်ရက်ရဲ့ အဓိက ခေါင်းဆောင်တွေပဲ ပါဝင်နေခဲ့ပါတယ်။ ဟက်ကာနီ ကွန်ရက်ကတော့ ထိခိုက်ပျက်စီးစေမှု များပြားခဲ့တဲ့ တိုက်ခိုက်မှုတွေအတွက် လူသိများတဲ့ တာလီဘန်တို့ရဲ့ အကြမ်းကြုတ်ဆုံး အဖွဲ့ခွဲ ဖြစ်ပါတယ်။

ယခု တာလီဘန် အစိုးရအဖွဲ့ထဲမှာ အမျိုးသမီးတစ်ဦးတစ်ယောက်မှ ပါမလာခဲ့ပါဘူး။

ဒါပေမယ့် ယခုအစိုးရအဖွဲ့ဟာ ကြားဖြတ်အစိုးရအဖွဲ့သာ ဖြစ်ကြောင်းနဲ့ မိမိတို့အနေနဲ့ နိုင်ငံရဲ့ အခြားအပိုင်းဧရိယာတွေဆီက လူတွေကိုလည်း ထည့်သွင်းပါဝင်စေဖို့ ကြိုးပမ်းသွားမှာ ဖြစ်ကြောင်း တာလီဘန် ပြောရေးဆိုခွင့်ရှိသူ ဇာဘီအူလာ မူဂျာဟစ်က ပြောခဲ့ပါတယ်။

အစိုးရအဖွဲ့သစ်ကို ထုတ်ပြန်ကြေညာပြီးနောက် မကြာမီမှာပဲ လူမြင်ကွင်း မထွက်ခဲ့ဘဲ သိုသိုသိပ်သိပ် ရှိနေခဲ့တဲ့ တာလီဘန်အဖွဲ့ရဲ့ အမြင့်ဆုံးခေါင်းဆောင် ဟီဘာတူလာ အက်ခွန်ဇာဒါက ထုတ်ပြန်ချက်တစ်စောင်ထုတ်ခဲ့ပြီး ယခု အစိုးရသစ်ဟာ အာဖဂန်နစ္စတန်နိုင်ငံမှာ အစ္စလမ္မစ် စည်းမျဉ်းတွေနဲ့ ရှာရီယာ ဥပဒေကို ထိန်းသိမ်းအသက်ဝင်စေဖို့ ကြိုးပမ်းလုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

“ခု တာလီဘန်အစိုးရသစ်ကလည်း အရင်တာလီဘန်အစိုးရအဟောင်းနဲ့ အတူတူပါပဲ” လို့ အမေရိကန် အခြေစိုက် Long War ဂျာနယ်ရဲ့ စီမံခန့်ခွဲမှု အယ်ဒီတာ ဘီလ် ရော့ဂျီယိုက တွစ်တာမှာ ရေးပါတယ်။

ယခု တာလီဘန်အစိုးရမှာ အဆိုပါ အဖွဲ့တည်ထောင်သူ ကွယ်လွန်သွားပြီဖြစ်တဲ့ တာလီဘန်ခေါင်းဆောင် မူလာ အိုမာရဲ့ သား မူလာ ယာကွတ်ဘ်က ကာကွယ်ရေးဝန်ကြီးအဖြစ် ခန့်အပ်ခံရပြီး ပြည်ထဲရေးဝန်ကြီးအဖြစ်ကိုတော့ ဟက်ကာနီ ကွန်ရက် ခေါင်းဆောင် ဆီရာဂျူဒင် ဟက်ကာနီကို ခန့်အပ်ခဲ့ပါတယ်။

အမေရိကန် ဆုတ်ခွာရုပ်သိမ်းမှု သဘောတူညီချက် လက်မှတ်ထိုးမှုကို ကြီးကြပ်ခဲ့တဲ့ တာလီဘန် ပူးတွဲတည်ထောင်သူ အဗ္ဘဒူလ် ဂါနီ ဘာရာဒါက ဟက်ဆန်ရဲ့ လက်ထောက် ဖြစ်လာမှာ ဖြစ်ပါတယ်။

“ဒါက အားလုံးပါဝင်တဲ့ အစိုးရမဟုတ်ပါဘူး၊ ဒါက အံ့အားသင့်စရာတော့ မရှိပါဘူး” လို့ ဝါရှင်တန်ဒီစီ ရှိ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးအကြံပေးအဖွဲ့ Wilson Center ရဲ့ တောင်အာရှဆိုင်ရာ ကျွမ်းကျင်သူ မိုက်ကယ် ကူဂျယ်မန်းက ပြောပါတယ်။

“တာလီဘန်တွေက သူတို့အစိုးရအဖွဲ့ရဲ့ ဘယ်ဝန်ကြီးနေရာကိုမှ သူတို့ကိုယ်တိုင်ထက် တခြားသူတွေကို ပါဝင်စေမယ်ဆိုပြီး ဘယ်တုန်းကမှ အရိပ်အမြွက် မပြထားခဲ့ပါဘူး” လို့ ၎င်းက ပြောသွားခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly