တိုင်းပြည်အကျိုး ကြီးစွာ ထိခိုက်စေတဲ့အပြင် အစိုးရကိုလည်း အကြည်ညို ပျက်စေနိုင်တဲ့့ သတင်းများ

တိုင်းပြည်အကျိုး ကြီးစွာ ထိခိုက်စေတဲ့အပြင် အစိုးရကိုလည်း အကြည်ညို ပျက်စေနိုင်တဲ့့ သတင်းများ
(ဓာတ်ပုံ - SM၊ ဒီမိုဝေယံ)

ယခုတလော သတင်းမီဒီယာများမှာ ခေါင်းစီးစာလုံးကြီးများနဲ့ ဖော်ပြလာတဲ့ သတင်းတစ်ပုဒ်ဟာ မည်သူမျှ ကျော်ဖတ်မသွားနိုင်လောက်အောင် ဆွဲဆောင်ထားနိုင်ကြပါတယ်။ ဥပမာ ဖါးကန့်ဒေသမှာ တရုတ်နိုင်ငံဘက်က မျက်စိတဆုံး ဝန်တင်ကားကြီးတွေ နေ့ရောညပါ မြေတွေ ၂၄ နာရီမပြတ် သယ်ယူနေကြတယ်ဆိုတဲ့ သတင်းမျိုးပါပဲ။

ခုရက်ပိုင်းအတွင်း ဖါးကန့်ဒေသမှာ တရုတ်မြေသယ်ကားကြီးတွေဟာ မြင်းကောင်ရေ ၉၀၀၀ ကျော်ရှိတဲ့ ကားကြီးတွေဖြစ်ကြောင်းနဲ့ ကားစင်းရေ သောင်းချီပြီး ဝင်ထွက်သွားလာ သယ်ယူနေကြတယ်ဆိုတဲ့ သတင်းကိုလည်း ဖတ်ရပါတယ်။

ဒီလို ရုတ်တရက် အချိန်တိုအတွင်း ယခင်နှစ်များနဲ့လည်းမတူ နှစ်ဦးကာလမျိုးနဲ့တောင်မတူပဲ ထူးခြားစွာ ပေါ်ပေါက်လာတဲ့ မြေသယ်ယူမှုကြီး ဖြစ်တာမို့ လူတိုင်းစိတ်ဝင်စားတဲ့ သတင်းကြီး ဖြစ်လာတာပါ။ ဒီလိုဖြစ်လာတော့ ပထမဆုံး ပေါ်ပေါက်လာတဲ့ အကျိုးဆက်က ဒေသခံလူထုက ဒါကို ကန့်ကွက်လာကြတယ်ဆိုတဲ့ သတင်းပါပဲ။ အထူးသဖြင့် လမ်းတွေ ပျက်စီးကုန်တာ၊ ခရီးသွားလာမှု ပိတ်ဆို့ကုန်တာ၊ အနိမ့်ဆုံး ကျောင်းဆင်းကျောင်းတက် ကလေးတွေအတွက် စိုးရိမ်ရတာ၊ ဖုံတွေ တချိန်လုံး ထနေလို့ ကျန်းမာရေး ထိခိုက်နိုင်တာကြောင့် ကန့်ကွက်လာကြတာ ဖြစ်တယ်လို့လည်း သိရပါတယ်။ အဲဒီဖါးကန့်မြေဟာ ကမ္ဘာကျော် ကျောက်စိမ်းမြေ ကျောက်စိမ်းဒေသဖြစ်တယ်ဆိုတာတော့ ဘယ်သူမှ မငြင်းနိုင်ပါဘူး။  အခုတော့ ဒေသခံတွေအပါအဝင် ပြည်သူလူထုကပါ မေးခွန်းထုတ်လာကြပါပြီ။

အခုလို ဗြုန်းစားကြီး အင်ကြီးအားကြီး သယ်ဆောင်နေခြင်းကို အစိုးရက မသိလို့များလား၊ သိတယ်ဆိုရင်လည်း ခွင့်လွှတ်ထား မျက်ကွယ်ပြုထားလို့များလားဆိုတဲ့ မေးခွန်းကို မေးလာကြပါပြီ။ အံ့သြဖို့ ကောင်းတဲ့အဖြစ်က ဒီသတင်းကို လွှတ်တော်ထဲကအစ ငြိမ်နေသေးတဲ့အဖြစ်ကိုလည်း လူတွေ စိတ်ဝင်စားကြပါတယ်။ ဒါကြောင့်မို့ ဒီသတင်းဟာ လူတွေ စိတ်ဝင်စားမှု အရှိဆုံး သတင်းတွေထဲက တစ်ပုဒ် ဖြစ်လာခဲ့ပါတယ်။

နောက် စိတ်ဝင်စားကြတဲ့သတင်းက ရန်ကုန်မြို့ ခုံးကျော်တံတားများ အပူတပြင်း ဆောက်တဲ့ သတင်းပါ။ ဒီသတင်းကိုတော့ လွတ်တော်ထဲမှာ မေးမြန်းခံရပါတယ်။ ရိုးသားစွာ ဆောက်လုပ်ခဲ့ခြင်းသာ ဖြစ်တယ်လို့လည်း သက်ဆိုင်ရာဌာနက ပြန်လည် ဖြေကြားပါတယ်။ ဒါပေမယ့် တချိန်တည်းမှာပဲ အဲဒီ ခုံကျော်တံတားကြီးတွေ တာဝန်ယူဆောက်လုပ်ရတဲ့ ကန်ထရိုက် ကုမ္ပဏီကြီးတချို့ဟာ တံတားစီမံကိန်းအတွက် ငွေတွေ ပိုပိုထုတ်ယူခဲ့လို့ နိုင်ငံတော်ကို ပြန်လည်ပေးသွင်းဖို့ ငွေကျပ် ၄၀၂ ဒသမ ၉၅၉ သန်း ရှိတယ်ဆိုတဲ့သတင်းကလည်း ထွက်ပေါ်လာပါတယ်။ ဒီလို ငွေပေါင်းများစွာ ပြန်သွင်းရ ယ့် တခြားကုမ္ပဏီလည်း ရှိပါသေးတယ်။

ဒီသတင်းအရဆိုရင် မေးခွန်းထုတ်စရာ ဖြစ်လာတာက  ဒီလောက်ကွာဟနေတဲ့ ငွေပမာဏအထိ ထုတ်ယူလို့ရတယ်ဆိုတာ ရိုးမှ ရိုးသားပါရဲ့လားဆိုတဲ့ မေးခွန်းဖြစ်ပါတယ်။ ကုမ္ပဏီတွေက လိမ်ပြီး ထုတ်လို့မရအောင် သက်ဆိုင်ရာ တာဝန်ရှိဌာနမှ တွက်ချက် ထိန်းချုပ်တဲ့စနစ် မရှိတော့ဘူးလားဆိုတဲ့ မေးခွန်းကစပြီး မေးစရာတွေ ရှိလာပါတယ်။

ဒါကြောင့်မို့ ဖါးကန့်မှာ အဆင်အခြင်မဲ့စွာ ပြောင်ကျကျ နေ့ချင်းညချင်း ရတနာမြေတွေ သူများ တိုင်းပြည်ထဲ အသယ်ခံနေရတဲ့ ကိစ္စများနဲ့ တံတားဆောက်ကုမ္ပဏီတွေ လွန်ကဲစွာ ငွေတွေ ထုတ်ယူ ကွာဟနေမှုမျိုး သတင်းတွေဟာ တိုင်းပြည်အကျိုး များစွာထိခိုက်စေတဲ့အပြင် နိုင်ငံတော်အစိုးရကိုလည်း ဂုဏ်သိက္ခာ ထိခိုက်စေမှာ ဖြစ်ပါတယ်။

ဒါကြောင့်မို့ ဒီသတင်းတွေ ဟုတ်၏ မဟုတ်၏၊ ဟုတ်ရင်လည်း သက်ဆိုင်ရာများအနေနဲ့ အမြန်ဆုံး အရေးယူခြင်းဖြစ် ပြည်သူတို့ စိတ်နှလုံးချမ်းမြေ့အောင် အဖြေထုတ်ပေးဖို့ လိုအပ်ကြောင်း တင်ပြလိုက်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required