ဒလိုင်းလားမားဓာတ်ပုံများကြောင့် စီချွမ်ပြည်နယ်တွင် တိဘက်လူမျိုးများ ဖမ်းဆီးခံရ

By RFA
06 September 2021
ဒလိုင်းလားမားဓာတ်ပုံများကြောင့် စီချွမ်ပြည်နယ်တွင် တိဘက်လူမျိုးများ ဖမ်းဆီးခံရ

တရုတ်နိုင်ငံအနောက်ပိုင်း စီချွမ်ပြည်နယ်ရှိ နေအိမ်များတွင်တားမြစ်ထားသည့် ဓာတ်ပုံများတွေ့ရှိခဲ့မှုဖြင့် တိဘက်လူမျိုး ၅၃ ဦးကို ဖမ်းဆီးလိုက်ပြီး ရဲများက ပြည်ပရောက် တိဘက်ဘာသာရေးခေါင်းဆောင် ဒလိုင်း လားမား၏ ဓာတ်ပုံများအားတားမြစ်ခြင်းအား အရှိန်မြှင့်တင်ခဲ့ကြောင်း တိဘက်သတင်းရင်းမြစ်များက ဆိုသည်။

ဂန်ဇီတိဘက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ကောင်တီရှိ ဒီဇာဝန်ပိုမြို့နယ် ရှီချီဒေသတွင် ယင်းဖမ်းဆီးမှုဖြစ်ပွား ပြီးနောက် စက်တင်ဘာလအစောပိုင်းတွင် အခြားမြို့နယ်များမှ အနည်းဆုံးလူ ၆၀ ကျော် ဖမ်းဆီးခံခဲ့ ရခြင်းကြောင့် စုစုပေါင်းလူ ၁၀ဝ ကျော် ဖမ်းဆီးခံခဲ့ရသည်။

သြဂုတ်လ ၂၅ ရက်က ပထမ အကြိမ်ဖမ်းဆီးမှုအပြီးတွင် တရုတ်အာဏာပိုင်များက တစ်မြို့လုံးအနှံ့ လှည့်လည်ပြီး အိမ်တိုင်းကို ရှာဖွေခဲ့သည်ဟု အိန္ဒိယတွင်နေထိုင်သောတိဘက်တစ်ဦးက RFA ကိုပြောသည်။

“သူတို့က သူတော်စင် ဒလိုင်းလားမားရဲ့ ပုံတွေနဲ့ တိဘက်ပြင်ပကလူတွေနဲ့ ဖုန်းမက်ဆေ့ အဆက် အသွယ်ရှိမရှိ ရှာဖွေနေတာပါ” ဟု အမည်မဖော်လိုသူတစ်ဦးက RFA ကို ပြောဆိုသည်။

“ သြဂုတ်လ ၂၅ ကနေ ၂၉ ရက်အထိ တိဘက်လူမျိုး ၅၃ ယောက် ထပ်မံအဖမ်းခံခဲ့ရပါတယ်” ဟု သူက ဆိုသည်။

မကြာသေးမီက ရှာဖွေစစ်ဆေးမှုများအတွင်း ဖမ်းဆီးခံရသော တိဘက်လူမျိုးအားလုံးနီးပါးသည် ဒလိုင်းလားမား၏ ဓာတ်ပုံများလက်ဝယ် ပိုင်ဆိုင်ခြင်း သို့မဟုတ် တရုတ်ထိန်းချုပ်နယ်မြေပြင်ပရှိ အဆက်အသွယ်များနှင့် သတင်းအချက်အလတ်များဝေမျှခြင်းတို့ကြောင့် အဖမ်းခံခဲ့ရပြီး အခြားသူများသည် တိဘက်အသိုင်းအဝိုင်း၏ လူမှုရေးကိစ္စများ ဆွေးနွေးခြင်း ကြောင့် အဖမ်းခံခဲ့ရခြင်းဖြစ်ကြောင်း သူက ပြောကြားသည်။

ပထမအကြိမ်စီးနင်းမှုအတွင်း ဖမ်းဆီးခံရသော တိဘက်လူမျိုးလေးဦးဖြစ်သည့် သာမန်လူ ၂ ဦး၊ ဘုန်းကြီး ၁ပါးနှင့် အမျိုးသမီးတစ်ဦးတို့ကို သြဂုတ်လ ၃၁ရက်က ပြန်လွှတ်ပေးခဲ့သော်လည်း ၎င်းတို့၏အမည်များနှင့် အခြားအသေးစိတ်အချက်အလက်များ မသိရသေးပေ။

ဒီဇာဝန်ပိုမြို့နယ် ဒေသခံဘုန်းတော်ကြီးကျောင်းမှ အသက် ၁၈ နှစ်အထက်ရှိ ဘုန်တော်ကြီးများသည် နိုင်ငံရေးလှုပ်ရှားမှုများတွင် မပါဝင်ကြောင်းနှင့် နောင်တွင်လည်း လုပ်ဆောင်မည်မဟုတ်ကြောင်းကို ရဲအာဏာ ပိုင်များထံ အစီရင်ခံရန်အတွက် နေ့စဉ်ဘုန်းတော်ကြီး ၂၀ ခန့် အသုတ်လိုက် ဆင့်ခေါ်ခြင်းခံရသည်ဟု သတင်းရင်းမြစ်က ဆိုသည်။

ယင်းခံဝန်ချက်များကို လိုက်နာမှုရှိမရှိ စောင့်ကြည့်ရန်အတွက် ဘုန်းတော်ကြီးကျောင်းဝန်ထမ်းနှစ်ဦးအား စစ်ဆေးရန် တာဝန်ပေးအပ်ထားကြောင်း သတင်းရင်းမြစ်က ဆက်လက်ပြောဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly