ပညာတစ်ပိုင်းတစ်စနှင့် ကျောင်းထွက်ခဲ့ဖူးသူအဖြစ်ကနေ ကုမ္ပဏီစီအီးအိုအထိ တက်လှမ်းနိုင်ခဲ့သည့် အိန္ဒိယနိုင်ငံသား

By News18
05 September 2021
ပညာတစ်ပိုင်းတစ်စနှင့် ကျောင်းထွက်ခဲ့ဖူးသူအဖြစ်ကနေ ကုမ္ပဏီစီအီးအိုအထိ တက်လှမ်းနိုင်ခဲ့သည့် အိန္ဒိယနိုင်ငံသား

အိန္ဒိယနိုင်ငံ ကီရာလာပြည်နယ်ရှိ ဝေးလံသော ကျေးရွာတစ်ရွာမှ နေ့စားအလုပ်သမားတစ်ဦး၏ သားဖြစ်သည့် မက်စတာဖာ ပီစီသည် ငယ်စဥ်က ခြောက်တန်းကျပြီးနောက် ဖခင်ဖြစ်သူနှင့် စိုက်ခင်းထဲ ဆင်းရန်အတွက် ပညာတစ်ပိုင်းတစ်စဖြင့် ကျောင်းထွက်ရန် ဆုံးဖြတ်ခဲ့သူ ဖြစ်သည်။ ၎င်း၏ ဆရာဖြစ်သူက ၎င်းကို ကျောင်းမထွက်ဘဲ ပညာဆက်လက်သင်ယူရန် စည်းရုံးသိမ်းသွင်းခဲ့ပြီး ယင်းနောက် နောက်နှစ်များအကြာ ၎င်းသည် ယခုအခါ iD Fresh Food ဆိုသည့် အစားအစာ ထုတ်ကုန်များ ထုတ်လုပ်သည့် ကုမ္ပဏီတစ်ခု၏ အမှုဆောင်အရာရှိချုပ် (စီအီးအို) ဖြစ်နေပြီ ဖြစ်သည်။

“ကျွန်တော့်ဆရာက ကျွန်တော် ကျောင်းပြန်တက်ဖို့ ကျွန်တော့်ကို စည်းရုံးခဲ့ပါတယ်၊ ပြီးတော့ သူက ကျွန်တော့်ကို ပိုက်ဆံမယူဘဲ စာသင်ပြပေးခဲ့ပါသေးတယ်၊ သူ့ကြောင့် ကျွန်တော် သင်္ချာဘာသာမှာ အတန်းထဲမှာ အမှတ်အများဆုံး ရသူ ဖြစ်ခဲ့ပါတယ်၊ အဲဒီလိုနဲ့ ကျွန်တော့်ကို စာကို ပိုကြိုးစားစေဖို့ တွန်းအားဖြစ်စေခဲ့ပါတယ်၊ ဒီလိုနဲ့ ကျွန်တော် ကျောင်းမှာ အထူးချွန်ဆုံးသူတစ်‌ယောက် ဖြစ်လာခဲ့တယ်၊ ကျွန်တော့် ဆရာတွေက ဝိုင်းဝန်းပံ့ပိုးပြီး ကျွန်တော့်ရဲ့ ကောလိပ် ကျောင်းစရိတ်တွေကိုလည်း ပေးခဲ့ပါတယ်” ဟု မက်စတာဖာက Humans of Bombay နှင့် အင်တာဗျူးတစ်ခုတွင် ပြောခဲ့သည်။

ယင်းနောက် မက်စတာဖာသည် အိန္ဒိယနိုင်ငံတွင် အလုပ်စလုပ်ခဲ့ပြီး ယင်းနောက် ပြည်ပသို့ သွားရောက် အလုပ်လုပ်ကိုင်ခဲ့သည်။ ပြည်ပတွင် အလုပ်လုပ်ကိုင်ခဲ့ရာတွင် လစာကောင်းခဲ့ပြီး အချိန်နှစ်လအတွင်း ၎င်း၏ ဖခင်ဖြစ်သူ၏ အကြွေး ရူပီး ၂ သိန်းကို ပြန်ဆပ်ပေးနိုင်ခဲ့သည်။ ၎င်းသည် လစာကောင်းသည့် အလုပ်ကို ရထားသော်လည်း ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတစ်ခုကို လုပ်ရန် ဆန္ဒရှိခဲ့သည်ဟု ဆိုသည်။ ယင်းနောက် ၎င်း၏ ညီအကိုဝမ်းကွဲများအနက် တစ်ဦးက အရည်အသွေးကောင်းသည့် idli-dosa batter အိန္ဒိယအစားအသောက်ထုတ်ကုန် ထုတ်လုပ်သည့် ကုမ္ပဏီတစ်ခု ထူထောင်ရန် အိုင်ဒီယာ ပေးခဲ့သည်။ အလားတူ အစားအစာထုတ်ကုန်မျိုး အရည်အသွေးမကောင်းမှုကြောင့် စားသုံးသူများ ကွန်ပလိန်းတက်မှုများ ရှိခဲ့ပြီးနောက် ၎င်း၏ ဝမ်းကွဲညီအကိုတစ်ဦးက ထိုအိုင်ဒီယာ အကြံဥာဏ်ကို ပေးခဲ့ခြင်း ဖြစ်သည်။ ယင်းနောက် မက်စတာဖာသည် ကုမ္ပဏီတွင် ရူပီး ၅၀,၀၀၀ ရင်းနှီးမြှုပ်နှံခဲ့ပြီး ၎င်း၏ ဝမ်းကွဲညီအကိုများကို ဦးစီးလုပ်ကိုင်စေခဲ့သည်။

သို့သော် သုံးနှစ်ကြာပြီးနောက် ၎င်းအနေဖြင့် ကုမ္ပဏီတွင် အချိန်ပြည့် မြှုပ်နှံလုပ်ကိုင်ရန် လိုသည်ဟု မက်စတာဖာတစ်ယောက် သဘောပေါက်နားလည်ခဲ့သည်။ ယင်းအတွက်ကြောင့် ၎င်းသည် အလုပ်ကနေ ထွက်ခဲ့ပြီး အိန္ဒိယသို့ ပြန်လာခဲ့သည်။ ယင်းအချိန်တွင် ၎င်း၏ အစားအစာ ကုမ္ပဏီလုပ်ငန်း အလုပ်မဖြစ်ပါက အခြားအလုပ်တစ်ခု ရနိုင်သည်ဟု မက်စတာဖာက ၎င်း၏ မိဘများကို အာမခံခဲ့သည်။ သို့သော် အရာကိစ္စများ မလွယ်ကူခဲ့သလို ၎င်းသည် အခက်အခဲတစ်ချို့နှင့် ရင်ဆိုင်ခဲ့ရသည်။

ယင်းနောက် ၎င်းအနေဖြင့် ဝန်ထမ်းများကို လုပ်အားခ မပေးနိုင်ခဲ့သည့် နေ့ရက်များကိုပင် ဖြတ်သန်းခဲ့ရသည်ဟု မက်စတာဖာက ပြောသည်။ သို့သော် မက်စတာဖာက ကုမ္ပဏီအောင်မြင်သွားသည်နှင့်တပြိုင်နက် ၎င်း၏ ဝန်ထမ်း ၂၅ ဦးစလုံးကို ရှယ်ယာများ ပေးမည်ဖြစ်ပြီး သန်းကြွယ်သူဌေးများ ဖြစ်စေအောင်လုပ်ပေးမည်ဟု ကတိပြုခဲ့သည်။ ယင်းနောက် ရှစ်နှစ်ကြာ အပြင်းအထန် ကြိုးပမ်းခဲ့ကြပြီးနောက် မက်စတာဖာသည် ၎င်း၏ ကတိအတိုင်း တည်နိုင်ခဲ့သည်။ ၎င်းတို့သည် ရင်းနှီးမြှုပ်နှံသူတစ်ဦးကို ရှာတွေ့ခဲ့ပြီး iD Fresh Food သည် ရူပီး ကုဋေ ၂၀၀၀ တန် ကုမ္ပဏီတစ်ခု ဖြစ်လာခဲ့သည်။

၎င်း ယခုလို အောင်မြင်ခြင်းမှာ အားလုံးသည် ၎င်း၏ ဆရာဖြစ်သူကြောင့်သာ ဖြစ်ကြောင်း မက်စတာဖာက ပြောသည်။ အရင်အချိန်ကာလများအတွင်း ဘယ်တော့မှ လက်မြှောက် အရှုံးမပေးရန် ဆရာဖြစ်သူက ၎င်းကို တိုက်တွန်းလှုံ့ဆော်ခဲ့ပြီး ယခုအခါ ၎င်း၏ အောင်မြင်မှုကို မြင်နိုင်လိမ့်မည်ဟု မက်စတာဖာက ပြောခဲ့သည်။ “ကျွန်တော် အိမ်ပြန်လာတော့ ကျွန်တော့် ဆရာနဲ့အတူ ကျွန်တော့် အောင်မြင်မှုတွေကို အတူတူ ဝေမျှချင်ခဲ့ပါတယ်၊ ဒါပေမယ့် သူ ဆုံးပါးသွားပြီလို့ ကျွန်တော် ကြားသိခဲ့ရပါတယ်၊ ကျွန်တော့် တကယ့်ကို စိတ်နှလုံးထိခိုက် ကြေကွဲခဲ့ရပါတယ်၊ အလုပ်ကြမ်းသမားလေးတစ်ယောက်က ဒီလို အောင်မြင်မှု ရခဲ့တယ်ဆိုတာကို ဆရာသာ မြင်နိုင်ခဲ့ရင် သိပ်ကောင်းမှာပဲ၊ ဒါတွေအားလုံးက သူ့ကြောင့် အောင်မြင်ခဲ့တာပါ၊ ခုချိန်မှာတော့ ကျွန်တော် အခွင့်အရေးရတိုင်း သူ့အကြောင်း ထုတ်ဖော် ပြောပြပါတယ်၊ သူ့ရဲ့ အမွေအနှစ်တွေကို ဂုဏ်ပြုရင်းနဲ့ပေါ့” ဟု မက်စတာဖာက ပြောခဲ့သည်။ ထို့ပြင် ၎င်းသည် ၂၀၁၈ ခုနှစ်က ဟားဗက်တွင် စကားပြောရန် ဖိတ်ကြားခံရချိန်က ၎င်း၏ ဖခင်ဖြစ်သူနှင့် ဆရာဖြစ်သူတို့နှစ်ဦးစလုံးကို ကျေးဇူးတင်ကြောင်း ပြောခဲ့သေးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly