ကယားပြည်နယ်တွင် ၃လကျော်အတွင်း တိုက်ပွဲပေါင်း ၆၀ ဖြစ်ပွား

ကယားပြည်နယ်တွင် ၃လကျော်အတွင်း တိုက်ပွဲပေါင်း ၆၀ ဖြစ်ပွား

ကယား(ကရင်နီ)ပြည်နယ်တွင် သုံးလကျော် ကာလအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ကရင်နီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များဖြစ်သည့် (KNPP၊ KNDF၊ KA၊ KNLP) တပ်ဖွဲ့များအကြား တိုက်ပွဲပေါင်းအကြိမ် ၆၀ ဖြစ်ပွားခဲ့ကြောင်း တိုးတက်သောကရင်နီပြည်သူ့အင်အားစု(PKPF)မှ ယနေ့စက်တင်ဘာ ၅ ရက်တွင် ထုတ်ပြန်သည်။ 

မေ ၂၀ ရက်မှ  ဩဂုတ် ၃၁ ရက် အတွင်း ဖြစ်ပွားသည့် တိုက်ပွဲများကို PKPF က လက်လှမ်းမီသလောက် စာရင်း ပြုစုထားခြင်းဖြစ်ပြီး ယင်းတိုက်ပွဲများအနက် တိုက်ပွဲပေါင်း ၂၀ ကျော်မှာ စစ်ကောင်စီမှ ထိုးစစ်ဆင်ခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။ 

တိုက်ပွဲများကို လွိုင်လင်လေး မြို့နယ်တွင် ရှစ်ကြိမ်၊ လွိုင်ကော်မြို့တွင် ၁၃ ကြိမ်၊ ဒီးမောဆိုမြို့နယ်တွင် ၁၆ ကြိမ်၊ ဖရူဆိုမြို့နယ်တွင် ကိုးကြိမ်၊ ဘောလခဲမြို့နယ်တွင် ငါးကြိမ်၊ ရှမ်း-ကယားနယ်စပ်မိုးဗြဲတွင် ငါးကြိမ်၊ ဖယ်ခုံမြို့တွင် လေးကြိမ် ဖြစ်ပွားခဲ့သည်။

အကြမ်းဖက် စစ်ကောင်စီက အာဏာသိမ်းယူထားသည့် ကာလအတွင်း ကရင်နီပြည်နယ်၌ အရပ်သား ၁၂၄ ဦးဖမ်းဆီးခံရပြီး သေဆုံးသူ ၈၃ ဦးရှိခဲ့ကာ နေအိမ်စုစုပေါင်း ၂၄၃ လုံးပျက်စီးခဲ့သည်။ ထို့အပြင် ပြည်နယ်အတွင်း ကက်သလစ်ဘုရားကျောင်းများ ပျက်စီးခဲ့ရာ ဒီးမော့ဆိုမြို့တွင် သုံးကျောင်း၊ လွိုင်ကော်မြို့တွင် တစ်ကျောင်းနှင့် ဖယ်ခုံမြို့တွင် တစ်ကျောင်း စုစုပေါင်း ငါးကျောင်း ပျက်စီးခဲ့ကြောင်း သိရသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly