စစ်ကောင်စီတပ်က ဟားခါးမြို့အိမ်ယာဖော်ဆောင်နေသည့်လုပ်ငန်းခွင်မှ လုပ်သားများကို ရဟတ်ယာဉ်ဖြင့်ပစ်ခတ်

စစ်ကောင်စီတပ်က ဟားခါးမြို့အိမ်ယာဖော်ဆောင်နေသည့်လုပ်ငန်းခွင်မှ လုပ်သားများကို ရဟတ်ယာဉ်ဖြင့်ပစ်ခတ်

ချင်းပြည်နယ် ဟားခါးမြို့နယ် ဂေါက်ကွင်းအောက်ဖက်ရှိ အိမ်ယာစီမံကိန်း လုပ်ငန်းခွင်မှ မီးကြိုးသွယ်တန်းခြင်းလုပ်ငန်းလုပ်ကိုင်နေသည့် အလုပ်သမား များကို ယမန်နေ့နေ့လည် ၁နာရီခန့်ကစစ်ကောင်စီတပ်များမှမြေပြင်အင်အား ၆၀ ဝန်းကျင်နှင့်ရဟတ်ယာဉ်ပေါ်မှစက်သေနတ်များဖြင့်  ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါနေရာသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရလက်ထက်မြို့ပြဖွံ့ဖြိုးရေး စီမံကိန်းဧရိယာ ၆၇၆.၄၅ ဧကအတွင်း မဲနှိုက်စနစ်ဖြင့် အုပ်စု သုံးစု ခွဲပြီး အများပြည်သူများကို အိမ်အကွက် ချပေးထားသည့် နေရာဖြစ်ကြောင်း သိရသည်။

"ကျွန်တော်ကအလုပ်ရှိလို့ လိုက်လာခဲ့တာ။ ကျွန်တော်တို့လူငယ်တွေ ၂၀ ဝန်းကျင်ရှိမယ်။ မီးကြိုးတွေသွယ်ရတာ။ မီးလိုင်းတွေဆွဲရတယ် နေ့စားနဲ့ပဲ။ အဲဒီမှာ ဂေါက်ကွင်းအောက်ဖက်ကနေ စစ်သားတွေ ၆၀ကျော် လောက်ရှိမယ် တက်လာပြီးပစ်တာ။ ပြီးတော့မှ ရဟတ်ယာဉ်တစ်စီး လာပြီး အပေါ်ကနေ ပစ်တာ ကျွန်တော်တို့လည်းပြေးကြတာပေါ့။"ဟု အလုပ်သမားတစ်ဦးက ပြောသည်။

"ခြောက်ပစ်တာတော့မဟုတ်ဘူး ။ကျွန်တော်တို့ခေါင်းပေါ်တွေကနေ ကျည်ဆံတွေဖြတ်သွားတာဆိုတော့ တကယ်ပစ်တာ။ ကျွန်တော်တို့တွေကလည်း လူငယ်တွေပဲဆိုတော့ CDFနဲ့ မှားပစ်ကြတာထင်တယ်"ဟုဆိုသည်။

သည့်အပြင် ယမန်နေ့ ည ၁၁ နာရီခန့်မှစတင်ပြီး ဟားခါးမြို့တွင်း ချင်းဦးစီး ရပ်ကွက်ဘက်တွင် သေနက်ပစ်ခတ်သံတွေ အဆက်မပျက် ထွက်ပေါ် နေကြောင်းလည်းသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly