အာဏာရူးကြောင့် လွင့်ပျောက်ပြယ်ခဲ့ရတဲ့ စိတ်ကူးတွေနဲ့ မျှော်လင့်တဲ့နေ့သစ်

အာဏာရူးကြောင့် လွင့်ပျောက်ပြယ်ခဲ့ရတဲ့ စိတ်ကူးတွေနဲ့ မျှော်လင့်တဲ့နေ့သစ်

မခင်ခင် တစ်ယောက် အိမ်လခ မပေးနိုင်သည်မှာ ငါးလရှိပြီ။ အဒေါ်အရင်း ဖြစ်သူ၏ အိမ်တွင် အဒေါ်နှင့်အတူ မခင်ခင်တို့ မိသားစုက အိမ်ဌားအဖြစ် အတူနေထိုင်ကြသည်။ အိမ်ဌားခမပေးနိုင်သည်ကို အားနာရသော်လည်း အဒေါ်အရင်းဖြစ်သည့်အတွက် နေရေးထိုင်ရေးအတွက် မခင်ခင် မပူပင်ရပေ။ သူပူပန်နေရသည်က သူ့ကို မှီခိုအားထားနေရသည့် မိဘနှစ်ပါး၏ စားရေး သောက်ရေးပင်။ ထို့ကြောင့် ကွမ်းယာဆိုင်နှင့်အတူ ကြက်ဥ၊ဘဲဥ တွဲရောင်းမည့် ဆိုင်လေးကို သြဂုတ်လတွင် ဖွင့်လှစ်ရန် သူက စီစဉ်ခဲ့သည်။

“ကိုယ်က ဖွင့်မယ်လည်း ဆိုရော ကြက်ဥ၊ ဘဲဥတွေ အရောင်းတက်လာလိုက် တာ။ အဲဒီအချိန်မှာ ကျွန်မက ဆိုင်ဖွင့်ဖို့ ကြက်ဥ၊ဘဲဥ ဝယ်လို့မရဘူး။ ပြီးတော့ ကိုဗစ်ရောဂါ ကာကွယ်ဖို့ ဆိုပြီး အပြင်ထွက်ချိန်ကို ကန့်သတ်လိုက် တော့ ကွမ်းယာဆိုင်ဖွင့်ဖို့ကလည်း အဆင်မပြေပြန်ဘူး။ အရေးအကြောင်း ကြောင့် ကျွန်မဆိုင်မထိုင်နိုင်လည်း မိဘတွေ ဆိုင်ဖွင့်ဖို့ အဆင်ပြေတယ်။ အရမ်းပင်ပန်း တဲ့ အလုပ်မဟုတ်ဘူးဆိုပြီး ဖွင့်ဖို့လုပ်ခဲ့တာ။ စားသောက်ဆိုင်ဆို ပင်ပန်းတယ်” ဟု ခင်ခင်က ပြောသည်။

ယခုနှစ်အစပိုင်း လတွေတုန်းက မခင်ခင်၏ အသက်မွေးဝမ်းကြောင်းမှာ ကလေးတွေကို စာသင်သည့် မူလတန်းပြဆရာမဖြစ်သည်။ သို့သော် စစ်အာဏာသိမ်းပြီးနောက် CDMလှုပ်ရှားမှုတွင် ပူးပေါင်း ပါဝင်လာပြီးသည့် နောက်ပိုင်း သူ၏ စားဝတ်နေရေးသည် စတင်ကျပ်တည်းလာသည်။

စစ်အာဏာသိမ်းပြီးနောက် စားဝတ်နေရေးစရိတ် ငွေရှာဖွေရန်အတွက် မခင်ခင် စိတ်ကူးလိုက်သည့် လုပ်ငန်းတိုင်းသည် အကြောင်းအမျိုးမျိုးကြောင့် ပျက်စီး နေရသည်။

“ပထမ အွန်လိုင်းကနေ မုန့်လေးတွေရောင်းသေးတယ်။ ရေရှည်ရပ်တည် နိုင်မယ် စိတ်ကူးနဲ့ တံဆိပ်လေးရိုက် ဘူးလေးတွေဝယ် လုပ်လိုက်သေး တယ်။ ဒါပေမဲ့ အားလုံးက ကျပ်တည်းနေကြတော့ ရောင်းရတာ အဆင်မပြေ ဘူး။ အဲဒါကြောင့် ဘာအလုပ်လုပ်ရင်ကောင်းမလဲ ဆက်တိုက် စဉ်းစားနေတာ။ ဒါပေမဲ့ ဘာတစ်ခုမှ အဆင်မပြေသေးဘူး”ဟု မခင်ခင်က ပြောသည်။

CDM ဝန်ထမ်းများကို အကြမ်းဖက်စစ်ကောင်စီက ဖမ်းဆီးထောင်ချမှုများ ပြုလုပ်နေသည်ကို ရှောင်ရှားရန် အခြားဒေသတစ်ခုသို့ ထွက်ပြေးတိမ်းရှောင် ရစဉ်က သူစုဆောင်းထားသည့် ငွေများကို အသုံးပြုလိုက်ရသည့်အတွက် မခင်ခင်တစ်ယောက် လက်ရှိတွင် ငွေကြေးကျပ်တည်းမှုနှင့် ရင်ဆိုင်ကြုံတွေ့ နေရသည်။

မမွန်မွန်ကတော့ သူကို ငွေကြေးကူညီရန် ကမ်းလှမ်းလာသည့် သူအား PDF များထံသို့သာ လှူဒါန်းပေးရန် တောင်းဆိုလိုက်သည်။
မမွန်မွန် တစ်ယောက် ငွေရေးကြေးရေး ပြေလည်နေ၍ ငွေကြေးအကူအညီကို ငြင်းပယ်ခဲ့ခြင်းမဟုတ်ဘဲ သူ့ထက် PDF များ၏ အခက်အခဲကို ပြေလည် စေလို၍ ဖြစ်သည်ဟု ဆိုသည်။

“ကျွန်မ ကောင်လေးက PDF ထဲမှာ။ သူ့ဆီက အဆက်အသွယ်ရတဲ့ အချိန်တွေ မှာ တစ်ကယ်စိတ်မကောင်းဖြစ်ရတယ်။ လက်နက်လည်း မပြည့်စုံသလို စားရေး သောက်ရေးလည်း ခက်ခဲနေကြတယ်။ ထမင်းစားတာတောင် ဟင်းမပါဘူး။ ရေနဲ့ ထမင်းဖျော်စားရတာ။ ကျွန်မထက်အများကြီး ခက်ခဲ နေတယ်”ဟု မမွန်မွန်က ပြောသည်။

မမွန်မွန်သည်လည်း မခင်ခင်ကဲ့သို့ပင် ကျောင်းဆရာမ တစ်ဦးဖြစ်ပြီး အခက် အခဲမျိုးစုံနှင့် ရင်ဆိုင်နေရသူဖြစ်သည်။

“ကျွန်မ ကျွန်မကောင်လေးကို လက်နက် ဝယ်ပေးချင်တယ်။ ဒါပေမဲ့ ကျွန်မမှာ ပိုက်ဆံမရှိဘူး။ NUG နဲ့လည်း သူတို့ မချိတ်ဆက်မိသေးဘူးပြောတယ်။ တစ်ခါတစ်ခါ သေသွားရင်ကောင်းမယ်တွေးမိတယ်။ ကျွန်မ မောင်လေး တစ်ဝမ်းကွဲက စစ်သားတွေ သတ်တာကို ခံလိုက်ရတယ်။ သူကတော့ တိုင်းသိပြည်သိ အာဇာနည်ဖြစ်သွားလို့ ဂုဏ်ယူရတယ်။ အဲဒီတုန်းက သေမင်းက ဘာလို့ ငါ့ကို မခေါ်ဘဲ ငါ့မောင်လေးကို ခေါ်သွားရတာလဲ။ သေမင်းနဲ့တွေ့ချင်နေတာက ငါလေ ဆိုပြီး တွေးမိတယ်” ဟု မမွန်မွန်က ဆိုသည်။

မမွန်မွန်သည် အမေဖြစ်သူနှင့် အတူ တစ်လ ငါးသောင်းကျပ်ပေးရသည့် အိမ်တွင်ဌားနေသည်။ လက်ရှိနေအိမ်တွင် ဌားရမ်းနေထိုင်သည်မှာ နှစ်လသာ ရှိသေးသည်ဟု သိရသည်။

ယခင်ဌားနေခဲ့သည့် အိမ်ပိုင်ရှင်သည် တပ်ထောက်ခံသူဖြစ်ပြီး စစ်ကောင်စီ အာဘော်များကို ထုတ်လွင့်ပေးနေသည့် ရုပ်သံလိုင်းများကို ညစဉ် အသံကျယ်ကြီးဖြင့် ဖွင့်လေ့ရှိသည်ဟုလည်း သူကဆိုသည်။

ထို့ကြောင့် CDM လှုပ်ရှားမှုတွင် ပူးပေါင်းပါဝင်ထားသည့် သူသည် လုံခြုံရေး ကြောင့် အိမ်ပြောင်းရွေ့ခဲ့ရသည်။

“အမေ့က ပင်စင်စား Nurse (သူနာပြု)ပါ။ ဒီကာလ အမေက အိမ်တွေမှာ လူနာလိုက်ကြည့်တယ်။ ဒီကာလကြီး လူနာလိုက်ကြည့်တာ အန္တရယ် အရမ်းများတယ်။ ကျွန်မ စိတ်မချဘူး။ အခုကျွန်မက အမေ့လုပ်စာ ထိုင်စား နေရတယ်။ ဒီအရွယ်မှာ မိဘကို အထောက်အပံ့ပေးနိုင်ရမှာ။ အခုက စိတ်မကောင်းဘူး”ဟု မမွန်မွန်ကပြောသည်။

တစ်ချိန်က မိခင်၏ အားထားရာ ဖြစ်ခဲ့သည့် မမွန်မွန်သည် လက်ရှိတွင် မိခင်ကို တစ်ဖန်ပြန်၍ အားကိုးနေရသည့်အတွက် ဝမ်းနည်းငိုကြွေးမိသည်ဟု ဆိုသည်။

မခင်ခင်နှင့် မမွန်မွန်တို့ နှစ်ယောက်သည် CDM များကို ကူညီထောက်ပံ့ ပေးနေသည့် အဖွဲ့ပေါင်းများစွာကို လိုက်လံ ဆက်သွယ်ခဲ့ သော်လည်း တချို့ အဖွဲ့များမှာ ပေးပို့ထားသည့် မက်ဆေ့ကို ပြန်စာပင်မပို့ဟုဆိုသည်။

မေလမှ သြဂုတ်လအတွင်း ထောက်ပံ့ကြေးငွေအဖြစ် ကျပ်ငွေနှစ်သိန်းကျော်ကို လက်ခံရရှိထားသည်ဟု ၎င်းတို့က ဆိုသည်။

“တစ်အိမ်လုံးကိုဗစ် ဖြစ်ကြတယ်။ မေမေမှာက ဆီးချို၊သွေးတိုး ရောဂါ အခံ တွေ ရှိတယ်။ အဆစ်အမြစ်တွေလည်း ယောင်တယ်။ အဆစ်အမြစ် ယောင်တဲ့ အချိန်ဆို ရေနွေးကြမ်းခွက်တောင် မ မနိုင်ဘူး။ ကိုဗစ်ဖြစ်ရင် အာဟာရ ပြည့်အောင်စားဖို့လိုတယ်ဆိုတော့ ရတဲ့ငွေက တစ်ကယ် မလုံလောက်ပါဘူး”ဟု မခင်ခင်က ဆိုသည်။

မမွန်မွန်၏ မိခင်ဖြစ်သူမှာလည်း သမီးဖြစ်သူကို စိုးရိမ်သည့် စိတ်ကြောင့် ကိုယ်အလေးချိန် ထက်ဝက်ကျဆင်းသွားပြီး ဝတ်ဆင်နေကြ အင်္ကျီသည်ပင် လက်မောင်းတစ်ဖက်ပေါ်အောင် ရွဲကျနေသည်ဟု ဆိုသည်။ ယင်းအပြင် မိခင်ဖြစ်သူ၏ အူကျရောဂါကို ခွဲစိတ်ကုသရန် မမွန်မွန် စုဆောင်းထားသည့် ငွေသည်လည်း နေရေး၊စားရေးတွင် အသုံးပြုလိုက်ရသည်။

CDM ပါဝင်လှုပ်ရှားရန် အတွက် မမွန်မွန်သည် အကိုဖြစ်သူနှင့် အတိုက်အခံ ပြုခဲ့ရပြီး မခင်ခင်က ဖခင်ဖြစ်သူနှင့် ရန်ဖြစ်စကားများခဲ့ရသည်။

“အကိုက ကျွန်မCDM လုပ်တာကို မကြိုက်တော့ အခု အခက်အခဲဖြစ်နေချိန် လုံး၀ မကူညီဘူး။ ဒါပေမဲ့ ကျွန်မ မှန်တယ်လို့ ကျွန်မ ယုံကြည်တဲ့အတွက် ကျွန်မ ယုံကြည်ရာလမ်းကို ဆက်လျှောက်မယ်။ အရင်က နိုင်ငံရေးဆိုတာ ကျွန်မ လုံး၀ စိတ်မဝင်စားခဲ့ဘူး။ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း နိုင်ငံခေါင်းဆောင်တစ်ဦးဆိုတာထက် ပိုပြီး မတွေးမိဘူး။ အခုတော့ ကျွန်မမှာ နိုင်ငံရေးအသိအမြင် တော်တော်များနေပြီ”ဟု မမွန်မွန်ကဆိုသည်။

မခင်ခင်၏ ဖခင်ဖြစ်သူမှာ စစ်အာဏာသိမ်းမှုကို စက်ဆုပ်ရွံရှာသူဖြစ်သော် လည်း CDM ဝန်ထမ်းများအား အကြမ်းဖက်စစ်ကောင်စီက ဖိနှိပ်ထောင်ချ မှုများ ခပ်စိတ်စိတ် ပြုလုပ်စဉ်က သမီးဖြစ်သူ၏ လုံခြုံရေးအတွက် Non-CDM လုပ်ရန် တိုက်တွန်းခဲ့သည့်အတွက် မခင်ခင်တို့သားအဖ ပထမဦးဆုံးအကြိမ် အဖြစ် စကားများ ရန်ဖြစ်ခဲ့ရသည်ဟု ဆိုသည်။

မခင်ခင်သည်လည်း ဒေါ်အောင်ဆန်းစုကြည်၏ စွန့်လွှတ်အနစ်နာခံမှုများကို စစ်အာဏာသိမ်းပြီးချိန်မှသာ ပိုမို နားလည်သဘော ပေါက်ခဲ့ပြီး လေးစား ကြည်ညိုခဲ့ရသူ ဖြစ်သည်ဟု သိရသည်။

မြန်မာနိုင်ငံ တစ်ပြည်လုံးတွင် အခြေခံပညာသင် ဆရာ၊ဆရာမ စုစုပေါင်း လေးသိန်း ကျော်ရှိသည့်အနက် တစ်သိန်းကျော်ကို ယာယီရပ်ဆိုင်း ခဲ့သည်ဟု စစ်ကောင်စီက မေလ ဒုတိယပတ်အတွင်း သတင်းထုတ်ပြန်ခဲ့ သော်လည်း CDMဆရာ၊ ဆရာမများက အဆိုပါစာရင်းထက် ပိုများနိုင်သည်ဟု ပြောထား ကြသည်။

လက်ရှိမှာတော့ မခင်ခင်နှင့် မမွန်မွန်တို့ နှစ်ယောက်လုံးက D-Day ကို မျှော်လင့်နေကြသည်။

“ဒီမိုကရေစီ ပြန်ရရင် ကျောင်းစိမ်းဝတ်စုံ အသစ် ချုပ်ဝတ်ပြီး ကျောင်းကို တက်မှာ။ အဟောင်းတွေအကုန် ပစ်လိုက်မယ်။ အကြမ်းဖက်စစ်ကောင်စီ ကျရှုံးပြီး ဒီမိုကရေစီ ပြန်ရပြီဆိုတာ တွေးကြည့်ရင်စိတ်ကူးထဲမှာတောင် တော်တော်ပျော်ဖို့ကောင်းတယ် ”ဟု မခင်ခင်က ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly