အကျဉ်းသားများကို လွှတ်ပေးရန် ဗြိတိန်ရောက် တိဘက်များ တောင်းဆို

အကျဉ်းသားများကို လွှတ်ပေးရန် ဗြိတိန်ရောက် တိဘက်များ တောင်းဆို

ဗြိတိန်နိုင်ငံရောက် တိဘက်တက်ကြွလှုပ်ရှားသူများအဖွဲ့က ပျောက်ဆုံးသွားသူဆိုင်ရာ နိုင်ငံတကာနေ့ကို ဩဂုတ် ၃၁ ရက်က လန်ဒန်မြို့၌ ကျင်းပခဲ့ရာတွင် တရုတ်သံရုံးအနီးတွင် ‘နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေး’ ဆိုသည့် ကြွေးကြော်သံများကို အော်ဟစ်ခဲ့ကြသည်။

လန်ဒန်အခြေစိုက် တိဘက်လွတ်မြောက်ရေး၊ ဗြိတိန်ရှိ တိဘက်လူမျိုးများက ပံ့ပိုးထားသည့် တိဘက်နှင့် ဖမ်းဆီးခံထားရသော လူနည်းစုများဆိုင်ရာ ကမ္ဘာ့မဟာမိတ်အဖွဲ့ (GATPM) နှင့် နိုင်ငံတကာ တိဘက်ကွန်ရက်တို့က အထိမ်းအမှတ်နေ့ကို တရုတ်သံရုံးအပြင်ဘက်တွင် ကျင်းပပြုလုပ်ခဲ့ကြခြင်း ဖြစ်သည်။

ပြီးခဲ့သည့် ဩဂုတ် ၁ ရက်က အဖမ်းခံရပြီး ပျောက်ဆုံးနေသည့် တိဘက်ကျောင်းဆရာမ ရင်ချန်ကျီအတွက် ဆုတောင်းပွဲကိုလည်း ပြုလုပ်ခဲ့ကြသည်။ သူမအဖမ်းမခံရမီ ရက်သတ္တပတ်အနည်းငယ်က တိဘက်ဒေသအရှေ့ပိုင်းရှိ သူမ၏ ကျောင်းကို အတင်းအဓမ္မ ပိတ်စေခဲ့သည်။

လန်ဒန်မြို့ရှိ တိဘက်လူမျိုးများနှင့် ၎င်းတို့ကို ထောက်ခံသူများက “ရင်ချိန်ကျီကို လွှတ်ပေး” “နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေး” “တိဘက်ဒေသမှာ တိဘက်ယဉ်ကျေးမှုရှိတယ်” “တိဘက်ကနေ တရုတ် ထွက်သွား” စသည်ဖြင့် ကြွေးကြော်ခဲ့ကြသည်။

တိဘက်လွတ်မြောက်ရေးနှင့် တိဘက်လွတ်မြောက်ရေးဆိုင်ရာ ကျောင်းသားများအဖွဲ့က တောင်းဆိုပွဲ တက်ရောက်သူများအား မိန့်ခွန်းပြောကြားခဲ့ကာ တိဘက်ပြည်သူများ၊ ဘာသာစကားနှင့် ယဉ်ကျေးမှုတို့အား စော်ကားနေခြင်းအပေါ် ပြစ်တင်ရှုတ်ချခဲ့ကြသည်။ အစီအစဉ်အား ဗုဒ္ဓဘာသာသစ္စာ ဆုတောင်းစကား၊ တိဘက် နိုင်ငံတော် သီချင်းတို့ဖြင့် ရုပ်သိမ်းခဲ့သည်။

ဆုတောင်းပွဲကိုလည်း လန်ဒန်မြို့ရှိ တရုတ်သံရုံးအပြင်ဘက်တွင် ညနေ ၆ နာရီမှ ၈ နာရီအထိ ပြုလုပ်ခဲ့ကြသည်။

လာမည့်လပိုင်းအတွင်း တရုတ်အစိုးရသည် ခမ်းနားသည့် ဆောင်းရာသီ အိုလံပစ် အားကစားပြိုင်ပွဲကို ကျင်းပ၍ တိဘက်ဒေသကို အကြမ်းဖက် သိမ်းပိုက်ခြင်း၊ လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် သေဆုံး ပျောက်ကွယ်သွားသည့် အပြစ်မဲ့ တိဘက်ပြည်သူများအရေးကို ရုပ်ဖျက်ဖုံးကွယ်ရန် စီစဉ်ထားသည်။

၁၉၄၉ ခုနှစ်၊ အောက်တိုဘာလတွင် တရုတ်ကွန်မြူနစ်ပါတီအာဏာရပြီးနောက် တိဘက်ဒေသကို ကျူးကျော် သိမ်းပိုက်ခဲ့သည်။ ယင်းကဲ့သို့ တရားမဝင်သိမ်းပိုက်မှုတွင် တိုက်ရိုက်အကျိုးဆက်ကြောင့် သေဆုံးသူ ၁ ဒသမ ၂ သန်းကျော်ရှိခဲ့သည်။ သူတော်စင် ဒလိုင်းလားမားသည် တိဘက်မှထွက်ပြေးကာ ၁၉၅၉ ခုနှစ်တွင် အိန္ဒိယ၌ သွားရောက် ခိုလှုံနေထိုင်ခဲ့သည်။

နိုင်ငံပေါင်း ၂၅ နိုင်ငံတွင် ရောက်ရှိနေသည့် တိဘက်လူမျိုး ၁ သိန်းခွဲခန့်ရှိပြီး အများစုသည် တိဘက်ဗဟိုအုပ်ချုပ်ရေးအဖွဲ့ ခေါ် အဝေးရောက် တိဘက်အစိုးရ အခြေစိုက်ရာ အိန္ဒိယတွင် နေထိုင်ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly