ဇွန် ၂၂ ။ ။ ထိုင်း-မလေးရှားနယ်စပ်အနီး လူကုန်ကူးစခန်းဟောင်းတစ်ခုတွင် တွေ့ရှိခဲ့သော လူ ၁၀၆ ဦး အနက် ၂၁ ဦး၏ အလောင်းများကို ဇွန် ၂၂ က ကောင်းမွန်စွာ သြင်္ဂိုဟ်ခဲ့ကြောင်း မလေးရှားပြည်ထဲရေးဝန်ကြီး ဇာဟစ်ဟာမီဒီက ပြောသည်။
မလေးရှားနိုင်ငံ၊ ပါလစ်ပြည်နယ်၊ ဝန်ကေးလျန်နယ်စပ်မြို့တစ်ဝိုက် သစ်တောဧရိယာတစ်ခုတွင် တွေ့ရှိ ခဲ့သော သေဆုံးနေ သည့်ရွှေ့ပြောင်းအခြေချသူများမှာ မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်မှ ဖြစ်သည်ဟု မစ္စတာဇာဟစ်က ပြောကြားခဲ့သည်။ ထို့အပြင်သေသူ အများအပြား၏ အချက်အလက်များ စိစစ်သိရှိထားပြီဟုလည်း ၎င်းကဆိုသည်။
"အခု သြင်္ဂိုဟ်တာကို ပြန်လုပ်နိုင်ပါပြီ။ ဘာဖြစ်လို့လည်းဆိုတော့ မှုခင်းဆေးတပ်ဖွဲ့က အလောင်းစစ်ဆေး တွေ့ရှိချက်တွေ ကို ကျေနပ်လို့ ဖြစ်ပါတယ်" ဟု ၎င်းက မလေးရှားပါလီမန်၏ ပြင်ပတွင် မီဒီယာများကို ပြောကြားခဲ့သည်။
သေဆုံးရခြင်းမှာ ရောဂါ၊ ငတ်မွတ်မှု၊ နှိပ်စက်ခံရမှု သို့မဟုတ် သတ်ဖြတ်ခံရမှုတို့ကြောင့် ဟုတ်မဟုတ် စုံစမ်းစစ်ဆေးရေးမှူး များက စိစစ်သိရှိခဲ့ကြသည်။
လူကုန်ကူးကွန်ယက်များကို ထိုင်းက နှိမ်နင်းပြီးနောက် လွန်ခဲ့သည့်လနှောင်းပိုင်းက မလေးရှားပိုင်နက်အတွင်း စွန့်ပစ်ထား သည့် လူကုန်ကူးစခန်းများကို တွေ့ရှိခဲ့သည်။ ထို့အပြင် လူထောင်နှင့်ချီ၍လည်း ပင်လယ်အတွင်း သောင်တင်နေခဲ့သည်။
ထိုင်းတောင်ပိုင်းနှင့် မလေးရှားမြောက်ပိုင်းရှိ ထူထပ်သောသစ်တောများမှာ မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်တို့မှ လူများကို မှောင်ခိုသွင်း ရာ၌ အဓိကအသုံးပြုသည့် နေရာများဖြစ်နေသည်။
လူရာပေါင်းများစွာ ထားရှိနိုင်သော မလေးရှားဘက်ခြမ်းရှိ စခန်းများမှ ဝင်ငွေကောင်းစွာရရှိနေသောကြောင့် အာဏာပိုင် များနှင့် ဒေသခံများသည် မသိချင်ယောင်ဆောင်နေသည်ဟု စွပ်စွဲမှုများ ထွက်ပေါ်လျက်ရှိသည်။
Ref; CNA, Reuters