အိန္ဒိယနိုင်ငံ၏ ဂျမူးနှင့် ကက်ရှ်မီးယားတွင် ပလတ်စတစ်ကင်းစင်ရေးလှုပ်ရှားမှုအတွက် ဂီတဖျော်ဖြေပွဲ ကျင်းပ

အိန္ဒိယနိုင်ငံ၏ ဂျမူးနှင့် ကက်ရှ်မီးယားတွင် ပလတ်စတစ်ကင်းစင်ရေးလှုပ်ရှားမှုအတွက် ဂီတဖျော်ဖြေပွဲ ကျင်းပ

အိန္ဒိယနိုင်ငံ၏ ပြည်ထောင်စုနယ်မြေဖြစ်သော ဂျမူးနှင့် ကက်ရှ်မီးယား၏ အကြီးဆုံးမြို့ဖြစ်သော စရီနာဂါတွင် ပလတ်စတစ်ကင်းစင်ရေးအတွက် အသိပညာပေးသည့် ကနဦးလုပ်ဆောင်ချက်အနေဖြင့် Battle of Bands အမည်ရှိ ဂီတဖျော်ဖြေပွဲကို သြဂုတ်လ ၂၈ရက်တွင် ကျင်းပခဲ့သည်။

ယင်းပွဲကို စရီနာဂါမြူနီစပယ်ကော်ပိုရေးရှင်း(SMC)နှင့် အစိုးရမဟုတ်သည့်အဖွဲ့အစည်းဖြစ်သော White Globe ပူးပေါင်းပြီး ရှာအီကက်မာပန်းခြံတွင်ကျင်းပခဲ့ခြင်းဖြစ်သည်။ အခမ်းအနား၏ ဆောင်ပုဒ်မှာ “ပလတ်စတစ် ကင်းစင်သော စရီနာဂါအတွက် ဂီတတိုက်ပွဲတစ်ခု” ဖြစ်သည်။

ယင်းဖျော်ဖြေပွဲသို့ ဂျမူးနှင့် ကက်ရှ်မီးယား၏ ဒု-အုပ်ချုပ်ရေးမှူး မာနို့ ဆင်ဟာနှင့် ခရိုင်အုပ်ချုပ်ရေးအဖွဲ့မှ အကြီးအကဲများ တက်ရောက်ခဲ့ကြသည်။

“ ဒီအစီအစဉ်က AzadikaAmritMahotsavလို့ခေါ်တဲ့ ပြည်သူပါဝင်လှုပ်ရှားမှု အခမ်းအနားရဲ့ တစ်စိတ် တစ်ပိုင်းဖြစ်ပြီး ဒီအစီအစဉ်မျိုးတွေက တဆင့် ပလတ်စတစ်ကင်းစင်ရေးနဲ့ လူငယ်တွေရဲ့ အရည်အချင်းကို မြှင့်တင်ပေးချင်ပါတယ်။ စရီနာဂါမှာ ပလတ်စတစ်အသုံးပြုမှုကို တားမြစ်ထားပြီး ဒီစီမံကိန်းရဲ့ အောင်မြင်မှုက သူတို့နဲ့ သူတို့ပတ်ဝန်းကျင်ကို သန့်ရှင်းအောင် ထိန်းသိမ်းထားချင်တဲ့ ဒေသခံတွေရဲ့ ကြိုးပမ်းအားထုတ်မှုပေါ်မှာ မူတည်ပါတယ်” ဟု ဒု-အုပ်ချုပ်ရေးမှူး မာနို့ ဆင်ဟာက ပြောကြားခဲ့သည်။

"ကျွန်တော်တို့က ဒီပွဲကို အစိုးရနဲ့ ပူးပေါင်းပြီးကျင်းပတာပါ၊ သဘာဝတရားကို ပလတ်စတစ်ရဲ့ အန္တရာယ်ဖြစ်စေတဲ့ အကျိုးဆက်တွေ အကြောင်းအသိပညာပေးချင်လို့ပါ။ လူငယ်တွေရဲ့ အရည်အချင်းတွေကိုပြသဖို့ ပလက်ဖောင်းတစ်ခုပေးပြီး ဒီချိုင့်ဝှမ်းရဲ့ ဂီတလုပ်ငန်းကိုလဲ မြှင့်တင်ပေးချင်ပါတယ်။ " ဟု ပွဲကို ပူးတွဲဖက်စီစဉ်သူ ရှိတ်ဆာဘာက ANI သို့ ပြောကြားခဲ့သည်။

ကက်ရှ်မာချိုင့်ဝှမ်းရှိဒေသခံတေးဂီတအဖွဲ့များ၊ ဂီတပညာရှင်များနှင့် ကျေးလက်အဆိုတော်များသည် ဂီတဖျော်ဖြေပွဲတွင်ပါဝင်ခဲ့ကြသည်။ ကျေးလက်သီချင်းမှ ဘောလီးဝုဒ်သီချင်းများအထိ အဆိုတော်များသည် သီချင်းအမျိုးအစား အမျိုးမျိုးကို တင်ဆက်ခဲ့ကြသည်။

ဂီတပွဲတွင် တင်ဆက်သူများသည် ပရိသတ်ကို ဖျော်ဖြေမှုပေးခဲ့ပြီး ပလတ်စတစ်၏ ဆိုးကျိုးများနှင့် ပတ်သက်၍ ယင်းတို့၏စိုးရိမ်မှုများကိုထုတ်ဖော်ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly